ပြောင်းရွှေ့ခိုင်းသည့် ကျူးကျော်မြေတွင် စစ်မှူထမ်းများအတွက် နေရာချပေးမည်

ပြောင်းရွှေ့ခိုင်းသည့် ကျူးကျော်မြေတွင် စစ်မှူထမ်းများအတွက် နေရာချပေးမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ လှိုင်ရပ်ကွက် (ခေါ်) အုတ်ဖိုရပ်ကွက်ရှိ ကျူးကျော်နေထိုင်နေသူတို့ကို ပြောင်းရွေ့စေပြီးနောက် အဆိုပါနေရာတို့ကို စစ်မှူးထမ်းသူတို့ နေထိုင်ရန်အတွက် နေရာချပေးသွားမည်ဖြစ်သည်ဟု မြို့ခံသတင်းအရင်း အမြစ်တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့ လှိုင်ရပ်ကွက်အတွင်း နေအိမ်ဆောက်လုပ်ကာ ကျူးကျော်နေထိုင်နေသူတို့ကို ဧပြီလ ၁၀ ရက်နေ့မတိုင်မီ အပြီးတိုင်ဖယ်ရှားပေးရန် စစ်ကောင်စီ စည်ပင်နှင့်အုပ်ချုပ်ရေးမှုးအဖွဲ့မှ စာထုတ်ပြန်ထားသဖြင့် လက်ရှိတွင် အဆိုပါရပ်ကွက်မှ နေထိုင်သူအားလုံးနီးပါး ပြောင်းရွှေ့ခဲ့ကြကြောင်း မော်လမြိုင်မြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

တရားဝင် ညွှန်ကြားချက် အတိအကျမရှိသော်လည်း စစ်မြေပြင်မှ ထိခိုက်ဒဏ်ရာရရှိလာသည့် စစ်မှုထမ်းသူတို့ကို နေရာချရန်အတွက် မြေဖို့လမ်းဖောက်ခြင်းတို့ လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။

“အခုက စစ်မှူထမ်းတွေအတွက် အကွက်သစ်ပြန်ရိုက်နေတယ်၊ ထိခိုက်ဒဏ်ရာရတဲ့ စစ်မှူထမ်းတွေကို နေရာချပေးမလိုတဲ့၊ စာတော့ မထွက်သေးဘူးဆိုပေမဲ့ အဲ့အစီအစဉ်နဲ့ လုပ်နေတယ်၊ အကွက်တွေ နာမည်ပေါက်ပြီး အဲ့အကွက်ရတဲ့သူတွေက ပြန်ရောင်းချင်ရင်ရောင်းတဲ့ သဘောမျိုးပဲ” ဟု မော်လမြိုင်မြို့ခံက ပြောသည်။

သို့သော် မြေကွက်ရိုက်၊ လမ်းဖောက်ခြင်းတို့ကို မော်လမြိုင်မြို့ပေါ်ရှိ လုပ်ငန်းရှင်တို့နှင့် ပူးပေါင်းလုပ်ဆောင်နေသဖြင့် အဆိုပါမြေနေရာကို စစ်မှုထမ်းအတွက်မဟုတ်ဘဲ ဒေသခံတို့ထံ ရောင်းချမှု ပြန်လည်လုပ်ဆောင်နိုင်ကြောင်း အိမ်ခြံမြေရောင်းဝယ်သူတို့ကြား ပြောဆိုလျှက်ရှိသည်။

“စစ်မှုထမ်းအတွက် နေရာချပေးမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ငွေမိုးဟော်တယ်ပိုင်ရှင်က သာယာအေးကမ်းနားလမ်းဘက်အပိုင်းမှာ လက်ရှိမြေဖို့ဖို့ လမ်းဖောက်လုပ်ငန်းလုပ်ကိုင်နေပြီး အကွက်ချရောင်းဖို့ စီစဉ်နေပါတယ်၊ ပေ ၄၀/၆၀ ကို သိန်း ၁၂၀၀၊ ၁၄၀၀ လို့ ကြားနေရတယ်” ဟု ဆိုသည်။

လှိုင်ရပ်ကွက်အတွင်း နေထိုင်သူများ ပြောင်းရွေ့ကြရန် ဇန်နဝါရီလကပင် ပထမအကြိမ် စာထုတ်ပြန်သော်လည်း ဒေသခံတို့ မပြောင်းရွေ့နိုင်သေးသဖြင့် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့က စစ်တပ်၊ စည်ပင်နှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်နေပြည်သူတို့ထံ တိုက်ရိုက်စာထုတ်ပြန်လိုက်သည်။

အဆိုပါနေရာသည် အစိုးရပိုင်မြေဖြစ်ကြောင်းနှင့် ယခင်တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် ရည်ရွယ်ထားပြီးဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော်နိုင်သေးသဖြင့် ရပ်ကွက်လူကြီးနှင့် မြေရှင်သူဌေးတို့မှပူးပေါင်းကာ အကွက်ရိုက်ပြီး ရောင်းချထားခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

လှိုင်ရပ်ကွက်တွင် အိမ်ခြေ ၂၀၀ ကျော်ရှိပြီး နေထိုင်နေသည့်မိသားစုများသည် အခြေခံလူတန်းစားများဖြစ်ကြပြီး၊ ထိုသို့အနက်အချို့သည့် စက်မှုဇုန်များ၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတို့ဖြစ်ကြောင်း သိရသည်။

နှစ်ရှည်ကြာနေထိုင်ပြီး နိုင်ငံရေး၊ စီးပွားရေးကြပ်တည်းစဉ်ကာလတွင် ပြောင်းရွှေ့ရသည့်အတွက် အခက်ခဲများစွာရှိနေသည်ဟု အဆိုပါရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်တွင် မော်လမြိုင်မြို့၊ သာယာအေးရပ်ကွက်ရှိ လူနေအိမ်များနှင့် ဘုန်းတော်ကြီး ကျောင်းများကို ကျူးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စစ်ကောင်စီမှ အင်အားသုံး ဖြိုချခဲ့သေးသည်။

Most read this week

December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...
Photo credit - CJ
December 3, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအခြေစိုက် ခမရ-၅၉၁ တပ်ရင်းမှ ယမန်နေ့ဒီဇင်ဘာ ၂ ရက်နေ့က...
December 2, 2025
မွန်ပြည်နယ်၊ ရေးမြို့နယ် အထူးသဖြင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာများအတွင်း စစ်ကော်မရှင်တပ်က...
December 1, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်ရှိ ဇေတဝန်ကျောင်းတိုက်က သာသနာနွယ်ဖောင်ဒေးရှင်း...