တရုတ်ရဲ့ ကယ်ဆယ်ရေးယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ ဝန်ခံ

တရုတ်ရဲ့ ကယ်ဆယ်ရေးယာဉ်တန်းကို ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီ ဝန်ခံ
ပုံစာ - တရုတ်နိုင်ငံမှလာသည့် ကြက်ခြေနီကားများကို TNLA က ၂၀၂၅၊ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။
ပုံစာ - တရုတ်နိုင်ငံမှလာသည့် ကြက်ခြေနီကားများကို TNLA က ၂၀၂၅၊ ဧပြီ ၁ ရက်နေ့က ထုတ်ပြန်ထားစဉ်။

မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေသယ်လာတဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ ဒီနေ့ ဝန်ခံလိုက်ပါတယ်။

"မီးထိုးပြီးတားဆီးတယ်။ တားဆီးလို့မရဘူး။ မီတာ ၁၀၀ လောက်အကွာမှာ ကျွန်တော်တို့ မိုးပေါ်ထောင်ပြီး သေနတ် ၃ ချက် ပစ်ဖောက်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ နောင်ချိုဘက်ကို ပြန်သွားတယ်လို့ အကြမ်းဖျင်း သိရပါတယ်" လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့နေ့လယ်ပိုင်းမှာ ပြောပါတယ်။

ငလျင်ဘေးသင့်တဲ့သူတွေကို ကူညီဖို့  မန္တလေးကို ထွက်လာတဲ့ ယာဉ် ၉ စီးပါတဲ့ တရုတ်ကြက်ခြေနီ ယာဉ်တန်းဟာ မနေ့က ဧပြီ ၁ ရက်နေ့ ညပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပါတယ်။

"ယာဉ်တန်း (၉) စီးသည် မန္တလေးမြို့သို့ ခရီးဆက်ရာတွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်၏ အသင့်စောင့်ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။

၎င်းယာဉ်တန်းများသည် မန္တလေးမြို့သို့ ခရီးဆက်သွားမည့်အကြောင်းကိုလည်း စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ယခုကဲ့သို့ လမ်းခရီးတွင် ပစ်ခတ်ခံခဲ့ရပြီး  နောင်ချိုမြို့သို့ ပြည်လည်ဆုတ်ခွာလာခဲ့ရသည်" လို့လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မနေ့ကညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ နိုင်ငံတကာ ကူညီတဲ့အဖွဲ့တွေအနေနဲ့ သံရုံးတွေ၊ စစ်သံရုံးတွေကနေ အကြောင်းကြားဖို့လိုပြီး ပစ်ခတ်ခံရတဲ့ယာဉ်တန်းဟာ အကြောင်းကြားထာတာ မရှိဘူးလို့ ဆိုပါတယ်။

TNLA ဘက်ကတော့ အဲဒီယာဉ်တန်းကို ကာကွယ်စောင့်ရှောက်ထားပြီး လိုရာခရီးကို ဆက်ပို့ဆောင်ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး (UNOPS)၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (Human Rights Watch) နဲ့ နိုင်ငံတကာ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (International Crisis Group) တို့ကတော့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ဒေသတွေက ငလျင်ဘေးသင့်သူတွေကို ကူညီဖို့ ပိတ်ပင်ဟန့်တားတာမျိုး မလုပ်ဖို့ မြန်မာစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဒီနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၈ နာရီထိ စာရင်းအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၂,၈၈၆ ယောက်၊ ပျောက်ဆုံးနေသူ ၃၇၃ ယောက်နဲ့ ဒဏ်ရာရသူ ၄,၆၃၉ ယောက်ထိ ရှိနေတယ်လို့ သိရပါတယ်။

January 15, 2026
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကော်မရှင်တို့ကြား မနေ့က...
January 14, 2026
ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ၇ ရွာက တိုက်ပွဲရှောင်ဒေသခံပြည်သူတွေဟာ...
ပုံဟောင်းဖြစ်ပါသည်။
January 13, 2026
စစ်ကော်မရှင်ပြုလုပ်တဲ့ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပူတာအိုခရိုင်အတွင်းက ရွှေလုပ်ကွက်တစ်ချို့...
January 12, 2026
စစ်ကော်မရှင်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဒေသခံတွေနဲ့တွေ့ဆုံပြီး...