နောင်ချိုဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ သံဃာ ၉ ပါးအပါအဝင် ၁၄ ဦးထက်မနည်း သေဆုံး

နောင်ချိုဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရ၊ သံဃာ ၉ ပါးအပါအဝင် ၁၄ ဦးထက်မနည်း သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စိန်ရတနာပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ယမန်နေ့ (မတ်လ ၁၆ ရက်) ညနေ ၅ နာရီ ၃၀ အချိန်ခန့်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာ ၉ ပါးအပါအဝင် ၁၄ ဦးသေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။

”သံ‌ဃာတော် ၉ ပါး။ အရပ်သား ၅ ဦး။ ဒါက လတ်တလောသိထားတဲ့စာရင်းပါ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်သည် လေကြောင်းမှ ဗုံးလေးလုံးကြဲချပြီးနောက် စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ပြီး သံဃာတော်များနှင့် စစ်ဘေးရှောင်ပြည်သူများ ထိခိုက်သေဆုံးမှုများပြားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်သည်။

ထိခိုက်သေဆုံးမှုအရေအတွက်ကို ထပ်မံထုတ်ပြန်မည်ဟု ဆိုသည်။

စိန်ရတနာပရိယတ္တိစာသင်တိုက် သုံးထပ်ဆောင်ပေါ်သို့ တည့်တည့် ကျရောက်ပေါက်ကွဲခြင်းဟု နောင်ချိုမြို့ဒေသခံက မဇ္ဈိမကိုပြောသည်။

“ထိခိုက်မှုက တအားများတယ်။ ၃၀ လောက်ကို ကြားနေတာပဲဗျာ။ ဘုန်းကြီးတွေ ကိုရင်တွေ ညနေကျ သွားအိပ်တဲ့ ဘုန်းကြီးကျောင်း။ ကျောင်းတိုက်ကြီးဗျာ” ဟု နောင်ချိုမြို့ဒေသခံက မဇ္ဈိမကိုပြောသည်။

ထိခိုက်မှုအရေအတွက်ကိုမူ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စိန်ရတနာပရိယတ္တိစာသင်တိုက်နှင့် နီးစပ်သည့် သံဃာတော်တပါးက ”ကိုရင်နဲ့ လူတွေအများကြီး ထိသွားတယ်” ဟု လူမှုကွန်ရက်တွင် ရေးသားထားပြီး ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်နှင့် ကျောင်းဆောင်လည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

နောင်ချိုမြို့ကို TNLA က ထိန်းချုပ်ထားပြီး တောင်းခမ်းကျေးရွာ၌ တိုက်ပွဲဖြစ်ပွားနေသည်။

တိုက်ပွဲများဖြစ်ပွားနေစဉ် စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့က နောင်ချိုမြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်ပေါ်သို့ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

အရပ်သားပစ်မှတ်များအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေ၍ လေကြောင်းအန္တရာယ်သတိပြုရန် TNLA က သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မတ်လ ၁၄ ရက်နေ့ကလည်း မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာရှိ စျေးတန်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၆ ဦးအပါအဝင် ၂၇ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...