ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာအကူအညီလိုအပ်နေ

ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး၊ စားနပ်ရိက္ခာအကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် နေရပ်ပြန်နိုင်ခြင်းမရှိကြသေးဘဲ စားနပ်ရိက္ခာများ ပြတ်လပ်လာခြင်းကြောင့် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

ကလေးမြို့နယ် တောင်ပိုင်းတွင် ဇန်နဝါရီလ ၃၁ ရက်နေ့စပြီး  စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၅ ရွာခန့်က ဒေသခံပြည်သူတစ်သောင်းကျော်သည် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေကြသည်မှာ ၃ လနီးပါးရှိလာပြီ ဖြစ်သည်။

“တောကြိုတောင်ကြားထဲ၊ ချောင်းဘေးမြောင်းဘေး တွေမှာနေရတယ်ဆိုတော့ ရေကမသန့် အခက်အခဲတွေကိုမှ တော်တော်လေး ဖြစ်နေကြပြီ။ ကျန်းမာရေးက မကောင်း ရေက အခက်အခဲဖြစ်၊ စားဝတ်နေရေးက ပိုလိုအပ်နဲ့ အခြေခံလူတန်းစားတွေက တော်တော်လေးခက်ခဲနေတာ။ ဆန်တပြည်စ နှစ်ပြည်စနဲ့တော့ရှိပေမယ့် လောက်ငှမှု မရှိတော့ဘူး” ဟု စစ်ဘေးတိမ်းရှောင်နေသည့် ကုက္ကိုလ်ကျေးရွာဒေသခံတဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးဖုန်းကြိုးများ ပြတ်တောက်၍ စားနပ်ရိက္ခာများ အကူအညီရရှိရန် အလှူရှင်များ၊ ကလေးမြို့နယ် စစ်ဘေးရှောင်ကူညီသူများနှင့် ဆက်သွယ်ရန် အခက်အခဲများ ကြုံတွေ့နေကြရသည်ဟု စစ်ဘေးရှောင်သူများထံမှ သိရသည်။

လက်ရှိတွင်လည်း ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီသည် နေ့စဉ်နီးပါး လေကြောင်းဖြင့် ကင်းလှည့် နေကာ ဗုံးကြဲခြင်းများ ပြုလုပ်နေသေးသောကြောင့် ကျေးရွာအတွင်း ပြန်လည်နေထိုင်ရန် ခက်ခဲခြင်းဖြစ်ကြောင်း အဆိုပါ စစ်ဘေးရှောင်များက ပြောသည်။

“အခုလောလောဆယ်အထိတော့ ကုက္ကိုလ်၊ ရှားတော၊ ရေရှင် မြစ်သာအရှေ့ဖက်ကတော့ အကုန်လုံး ရှောင်နေရ တုန်းပါ။ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတောတွေကတော့ တော်တော်လေး ခက်ခဲနေတာပေါ့။ ရွာထဲကို ဝင်လို့ကိုမရ သေးတာ။ လေယာဉ်တွေကလည်း နေ့ရောညရော ဝဲနေတာဆိုတော့ မနေရဲဘူး။ တောထဲတောင်ထဲမှာ ဝဲရင်လည်း ဝပ်နေရတာ။ အဲ့ဒါကြောင့် ရှောင်တိမ်းနေရတာ” ဟု ၎င်းက ပြောသည်။

ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများသည် သောက်သုံးရေမသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားနေကာ ကျန်းမာရေးကုသမှုအတွက် ဆေးဝါးအကူအညီ၊ ဆန်အပါအဝင် စားနပ်ရိက္ခာ အကူအညီ၊ မိုးကာ၊ ဆိုလာပြားများ လိုအပ်နေသည်ဟု သိရသည်။

August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...