ထန်တလန်မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေဟု CDF-Thantlang ပြော

ထန်တလန်မြို့နယ်၏ ၉၉ ရာခိုင်နှုန်းတွင် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေဟု CDF-Thantlang ပြော

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိသေးသော်လည်း မြို့နယ်၏ ၉၉% တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများ ကောင်းမွန်စွာလည်ပတ်နေသည်ဟု CDF-Thantlang ၏ အထွေထွေအတွင်းရေးမှူး Salai Khamh Pek Lian က ပြောသည်။

ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် Global Thantlang Relief Organization – GTRO မှ ကျင်းပပြုလုပ်သော ထန်တလန်အတွက် အွန်လိုင်းရန်ပုံငွေရှာဖွေခြင်းအစီအစဉ်မှာ CDF-Thantlang အထွေထွေအတွင်းရေးမှူးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ ကျွန်တော်တို့ စစ်‌ကို အနိုင်မရသေးပေမဲ့ အနိုင်ရတာ တစ်ခုရှိပါတယ်။ ဒါကတော့ ထန်တလန်မြို့နယ်ရဲ့ ၉၉% မှာ ကျွန်တော်တို့ အုပ်ချုပ်ရေး လည်ပတ်နေပါတယ်။ ပညာရေးပိုင်းကြည့်မယ်ဆိုရင် grade 12 ထိ ကောင်းကောင်းဖွင့်နေနိုင်တယ်။ နောက် ကျန်းမာရေးဆိုရင်လဲ တစ်နှစ်အတွင်း လူနာပေါင်း ၁ သောင်း ၇ ထောင်နီးပါးကို ဆေးရုံးဆေးခန်းမှာ ကျန်းမာရေးစောင့်လျှောက်မှု ပေးနိုင်ခဲ့တယ်။ နောက် တရားရေးမှာဆိုလို့ရှိရင် ကောင်စီအနေနဲ့ civil case ပေါင်း ၂၄ ခု စီရင်ပေးနိုင်ခဲ့တယ်” ဟု Salai Khamh Pek Lian က ပြောသည်။

၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းကစ၍ ထန်တလန် မြို့သိမ်းစစ်ဆင်ရေးအဖြစ် Tilim Operation - 4 စစ်ဆင်ရေးကို CDF-Thantlang အပါအဝင် ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့က ဖော်ဆောင်ခဲ့ရာ ထန်တလန်မြို့ပေါ်က စစ်ကောင်စီအထိုင်ချစခန်း ခလရ ၂၆၉ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ထားနိုင်ကြသော်လည်း မြို့ကိုတော့ ယနေ့ချိန်ထိ အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

CDF-Thantlang သည် တပ်ရင်းပေါင်း ၆ ခု ဖြင့် ဖွဲ့စည်းထားပြီး ထန်တလန်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် စစ်ဗျူဟာ ပြန်လည်စိစစ်ပြင်ဆင်ခြင်း၊ တပ်အင်အား ပြန်လည်စုစည်းခြင်းများ ဆောင်ရွက်သွားမည်ဟု CDF-Thantlang အတွင်းရေးမှူးက ပြောသည်။

CDF-Thantlang သည် ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ပြီး ထန်တလန်ဒေသတွင်း တိုက်ပွဲများအပြင် သိုင်းငဲန်း၊ ခိုင်ကမ်း၊ တွန်းဇံ၊ ကျီခါး၊ မတူပီနှင့် မြေပြန့်‌ဒေသ ကလေး-ဂန့်ဂေါ စသည့် စစ်ဆင်ရေးများတွင် အခြားသော ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ပွဲဆင်နွှဲခဲ့သည်ဟု သိရသည်။

၂၀၂၄ ခုနှစ်အတွင်းမှာ ရက်ပေါင်း ၂၇၀ ကျော်ကြာ တိုက်ပွဲများဆင်နွှဲခဲ့ရပြီး ထိုတိုက်ပွဲအတွင်း ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ရသည်ဟု CDF-Thantlang အတွင်းရေးမှူးကပြောသည်။

“ကျွန်တော်တို့ CDF- Thantlang အနေနဲ့ ၂၀၂၄ ကို ကြည့်မယ်ဆိုရင် တစ်နှစ်ပတ်လုံးနီးပါး ဆက်တိုက် တိုက်ပွဲဝင်တယ်လို့ ပြောလို့ရတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရှိတဲ့အထဲ ၉၁ ရက်သာ တိုက်ပွဲမဖြစ်ဘဲ နားခဲ့ရတာပေါ့နော်။ ကျွန်တော်တို့ ထန်တလန် မြို့သိမ်းတိုက်ပွဲ Tilim Operation 4 ဆိုရင် ရက်ပေါင်း ၁၅၈ ရက်ကြာဖြစ်ပွားတော့ အကြီးမားဆုံး စစ်ဆင်ရေး‌ပေါ့။ ဒီလို စစ်ဆင်ရေးတွေမှာ တိုက်ပွဲဝင်တဲ့ ကျွန်တော်တို့ ရဲဘော် ၂၇ ဦး ကျဆုံးခဲ့ရတယ်။ အသက်ဆုံးရှုံးရုံမက အလောင်းပင် မကောက်နိုင်တာ ၅ လောင်းရှိတယ်။ နောက် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ ၉ ယောက်ရှိတယ်။ ဒါဏ်ရာရတာက ၁၂၅ ဝန်းကျင်ရှိတယ်။ ဒါဟာ တစ်နှစ်အတွင်း ကျွန်တော်တို့ ပေးဆပ်ကြရတာပါ” ဟု CDF-Thantlang အတွင်းရေးမှူးက ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက် တော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်း CDF-Thantlang မှ ရဲဘော် ၆၇ ဦးကျဆုံးခဲ့ရပြီး ရုပ်အလောင်းပြန်မရသည့် ရဲဘော် ၉ ဦး၊ ပြင်းထန်ဒဏ်ရာရ ရဲဘော်  ၃၀၂ ဦးနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူ အယောက် ၂၀ ဝန်းကျင်ရှိသည်ဟု သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...