ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်မပို့ဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG အထူးမေတ္တာရပ်ခံ

ဖမ်းဆီးခံ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီလက်ထဲ ပြန်မပို့ဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG အထူးမေတ္တာရပ်ခံ

အကြောင်းအမျိုးမျိုးကြောင့် အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်မပို့ကြဖို့ အိမ်နီးချင်းနိုင်ငံအစိုးရတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီနေ့ မတ်လ ၄ ရက်နေ့ မနက်ပိုင်းက ထုတ်လွှင့်ခဲ့တဲ့ NUG ရဲ့  "ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” (Press Briefing) အစီအစဉ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့တာပါ။

"အိမ်နီးချင်းနိုင်ငံတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကြမ်းဖက်စစ်အုပ်စုလက်ထဲကို ပြန်လည်အပ်နှံခြင်းဟာ သေတွင်းထဲကိုပို့တာနဲ့ တူတူပဲဖြစ်တာကြောင့် မိမိတို့နိုင်ငံအလိုက် ထုတ်ပြန်ထားကြတဲ့ မိခင်နိုင်ငံသို့ ပြန်ပို့ခံရချိန်မှာ အသက်အန္တရာယ် ကျရောက်နိုင်လျှင် ပြန်ပို့ခြင်းကို တားမြစ်သည့်ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေနဲ့ ကူညီစောင့်ရှောက်ပေးကြဖို့ အထူးမေတ္တာရပ်ခံလိုက်ပါတယ်" လို့ ဦးနေဘုန်းလတ်က ပြောခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပြည်တွင်း/ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကို နည်းမျိုးစုံနဲ့ စစ်မှုထမ်းခိုင်းနေတာဟာ အဓမ္မအလုပ်စေခိုင်းမှုဖြစ်သလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေအနေနဲ့ လက်ပိုက်ကြည့်မနေကြဖို့နဲ့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ကြဖို့လည်း ဦးနေဘုန်းလတ်က တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီဟာ ပြည်တွင်းကလူငယ်တွေကို အဓမ္မဖမ်းပြီး စစ်မှုထမ်းခိုင်းနေသလို အိမ်နီးချင်းနိုင်ငံတွေက ပြန်ပို့တဲ့သူတွေ၊ ထောင်ထဲက လူငယ်တွေနဲ့ ပြည်ပက လူငယ်တွေကိုလည်း စစ်မှုထမ်းခိုင်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် လူငယ်တွေ ပြည်ပအလုပ်ထွက်လုပ်ခွင့်ကိုလည်း အခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ ပိတ်ပင်ခဲ့သလို စစ်မှုထမ်းအပတ်စဉ် ၁၀ ကိုလည်း ပြုလုပ်နေပါပြီ။

စစ်ကောင်စီကတော့ အပတ်စဉ် တစ်ခုကို လူ ၅,၀၀၀ ဝန်းကျင် လက်ခံသွားမယ်လို့ ပြောထားပါတယ်။

အခုနှစ်ထဲမှာတော့ ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားဦးရေဟာ ၇,၀၀၀ နီးပါးရှိခဲ့တယ်လို့လည်း သက်ဆိုင်ရာ ကူညီရေးအဖွဲ့အစည်းတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...