AA နှင့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ကျေးရွာပေါင်း ၁ဝ ကျော်ကို စစ်ကောင်စီ ဗုံးလာကြဲ

AA နှင့် တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူတွင် ကျေးရွာပေါင်း ၁ဝ ကျော်ကို စစ်ကောင်စီ ဗုံးလာကြဲ

အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်အနီးမှ ကျေးရွာပေါင်း ၁၀ ကျော်ကို စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ ဗုံးလာကြဲခဲ့သည်ဟု သိရသည်။

ဗုံးကြဲခံရသည့် ကျေးရွာများမှာ ဓညဝတီရေတပ်ဌာနချုပ်အနီးရှိ ဦးကင်း၊ ကြတ္တိန်၊ ဒိုးမတောင်၊ ကြံချိုင်၊ စိုင်ခြုံ၊ စိုင်ခြုံဒွန်၊ ရှောက်ချောင်း၊ စည်မော်၊ လမ်းကွေ့လမ်းဆုံ၊ ကပ်သပြေနှင့် ပျားတဲစသည့် ကျေးရွာများဖြစ်သည်။

စစ်ကောင်စီလေတပ်က အဆိုပါကျေးရွာများကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက် ၁၀ နာရီမှစတင်ကာ ညနေ ၃ နာရီအထိ ဂျက်ဖိုက်တာ၊ Y-12 စသည့်လေယာဉ် နှစ်မျိုးဖြင့် ပေါင် ၅၀၀ ဗုံးများကို မရပ်မနား ဆက်တိုက် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"ပေါင် ၅၀၀ ဗုံးတွေနဲ့ချခဲ့တာ။ စိုင်ခြုံဒွန်ရွာဆိုရင် ကျောက်ဖြူမြို့တစ်ဘက်ကမ်းမှာရှိတာလေ။ ဗုံးကြဲတဲ့တုန်ခါမှုကြောင့် ကျောက်ဖြူမြို့ပေါ်က အိမ်တွေရဲ့ မှန်ပြတင်းတွေတောင် ပျက်စီးကုန်တယ်။ ရွာသားတွေက တိုက်ပွဲစဖြစ်ကတည်းက စစ်ရှောင်နေကြပေမဲ့။ ရွာမှာကျန်နေခဲ့တဲ့ ဒေသခံတွေလည်း ရှိသေးတယ်။ အသေအပျောက်ရှိတယ်လို့ကြားရပေမဲ့ အသေးစိပ်မသိရသေးဘူး" ဟု ပြောသည်။

ယင်းအပြင် အဆိုပါ ကျေးရွာများကို စစ်ကောင်စီ၏ ဓညဝတီရေတပ်စခန်းမှလည်း လက်နက်ကြီးကျည်များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ပြောသည်။

ထိုသို့ဗုံးကြဲခံရမှုနှင့် ရေတပ်မှ လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါကျေးရွာများရှိ နေအိမ်အဆောက်အဦ အများအပြားမှာလည်း လုံးဝပျက်စီးသွားနိုင်သည်ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၇ နာရီကလည်း စစ်ကောင်စီလေတပ်က ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်တိုက်နယ်ဖက်နှင့် ဂုံးချွိန်တိုက်နယ်အနီးအနားကို ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲ၍ လူထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က ကျောက်ဖြူမြို့၊ အမှတ် (၃၂) ရဲတပ်ရင်းမှ အင်အား ၇ဝ ခန့်ပါ စစ်ကြောင်းတစ်ခုကို AA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲစတင်ဖြစ်ပွားနေခြင်းဖြစ်သည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ၏ အကြီးဆုံး ရေတပ်စခန်းဖြစ်သော ဓညဝတီရေတပ်စခန်းနှင့် အမှတ် (၃၂) ရဲတပ်ရင်းတို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲမှာ အလွန်ပြင်းထန်နေကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

Most read this week

ရိက္ခာပြတ်ရာမှ ၆၆၆ ပွိုင့်ကုန်းက အတင်းတိုးထွက်လာသော စစ်တပ်စစ်ကြောင်း AA ဆီမှာ ချေမှုန်းခံရ
December 4, 2025
စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် ပွိုင့် ၆၆၆ စခန်းမှထွက်ခွာလာတဲ့ စစ်အုပ်စု စစ်ကြောင်းတစ်ခုကို...
December 3, 2025
မကွေးတိုင်း၊ မင်းတုန်းမြို့တွင် စစ်ရှောင်နေသည့် ရခိုင်လူငယ်သုံးဦးသည် အကြမ်းဖက်စစ်တပ်ထံ...
December 2, 2025
အာရက္ခတပ်တော် (AA)သည် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ သိုင်းချောင်းဆည်နှင့် မင်းပြင် မိုးလေဝသ...