ကုန်သွယ်ရေးအခက်ခဲကြောင့် ထိုင်းထုတ်ကုန်ပစ္စည်း ဈေးထပ်မံမြင့်တက်

ကုန်သွယ်ရေးအခက်ခဲကြောင့် ထိုင်းထုတ်ကုန်ပစ္စည်း ဈေးထပ်မံမြင့်တက်

မွန်ပြည်နယ်တွင် ဘုရားသုံးဆူနှင့် မြဝတီနယ်စပ်ဘက်မှ တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီတို့က လိုက်လံသိမ်းဆည်းနေသည့်အပြင် စက်သုံးဆီအခက်ခဲကြောင့် ယခုလအတွင်း ကုန်စည်ပစ္စည်းဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့တို့မှ ထိုင်းစားသောက်ကုန်နှင့် အလှကုန်ပစ္စည်းတို့ကို မြို့အဝင်/အထွက်နေရာများတွင် သိမ်းယူနေသည့်အပြင် လက်ရှိတွင် စက်သုံးဆီအခက်ခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်အတွက်လည်း ၂ ဆအထိ ကုန်ကျများလာကြောင်း ကုန်သည်တို့က ဆိုသည်။

ထို့ကြောင့် ထိုင်းဘတ်ငွေဈေး ပုံမှန်အတိုင်းရှိသော်လည်း မော်လမြိုင်ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ပြီးခဲ့သည့် ဇန်နဝါရီလထက် ဈေးနှုန်းကြီးမြင့်လာသည်။

မော်လမြိုင် အိမ်ရှင်မတစ်ဦးက “ပြီးတဲ့လက ထိုင်းစားသုံးဆီတွေ တစ်လီတာတစ်ဘူး ၇,၇၀၀ လောက်ရှိတယ်။ အခုလက ၈,၀၀၀ ကျော် ၉,၀၀၀ ဝန်းကျင်လောက်ဖြစ်သွားတယ်။ ဈေးက တစ်လအတွင်းမှာ ၁,၀၀၀ ကျော်တက်သွားတယ်။ အခြားထိုင်းကုန်ပစ္စည်းတွေလည်း ဈေးတက်တယ်” ဟု ပြောသည်။

မြဝတီ - မော်လမြိုင်၊ ဘုရားသုံးဆူ- မော်လမြိုင် လမ်းပိုင်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့သည် ဂိတ်ကြေးပေးသည့် ပမာဏပေါ်မူတည်၍ ကုန်ပစ္စည်းတို့ကို သိမ်းဆည်းခြင်း၊ တားမြစ်ခြင်းတို့ လုပ်ဆောင်နေသဖြင့် ဂိတ်ကြေးပိုမိုပေးဆောင်ရကြောင်းလည်း ကုန်သည်တစ်ဦးက ဆိုသည်။

“collagen နှစ်ပုံးတင်လာတယ်၊ စစ်ကောင်စီတွေနဲ့တွေ့တော့ သူတို့ရစ်တယ်။ အခွန်တွေ မဆောင်ဘူးလား ဘာညာတွေပေါ့ သူတို့ကို တစ်ပုံး ၅ သောင်းပေးလိုက်ရတယ်။ နောက်တစ်ခါတွေ့ရင် အကုန်သိမ်းလိုက်မယ်။ အဲကြောင့် အခုက နည်းနည်းဆီ ခိုးထုတ်ရတယ်။ ဝှက်ရတယ်။ သူတို့မစစ်အောင် ၅,၀၀၀၊ ၄,၀၀၀ ကျော် လာဘ်ထိုးပြီး ထုတ်ရတယ်။ သူတို့ပိုက်ဆံရနေရင် မစစ်ဘူး အဲလို၊ သွင်းဖို့ခက်တယ်အခုက အဲကြောင့် ဈေးကြီးတယ်” ဟု ထိုသူက ဆက်ဆိုသည်။

ထိုင်းအစိုးရမှ ကျားဖြန့်နှိမ်နင်းရေးအတွက် နယ်စပ်ဒေသများကို လောင်စာဆီနှင့် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည့်နောက် စက်သုံးဆီ ၁ လီတာ ဘတ် ၆၀ ကျော်ဖြင့် ဝယ်ယူပို့ဆောင်နေရခြင်းကြောင့် မြင့်တက်နေသည့် ကုန်ဈေးနှုန်းအပေါ် ထပ်မံရိုက်ခတ်လာကြောင်း ဆက်ပြောသည်။

ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ စတင်၍ မြဝတီနှင့် ဘုရားသုံးဆူအပါအဝင် မြန်မာ – ထိုင်း နယ်စပ်ရှိ နေရာ ၅ ခုကျော်တွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်လိုက်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တားဆီးနှိမ်နင်းလျှက်ရှိသည်။

ထိုအချိန်မှစ၍ ထိုင်းကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းခွင့် စတင်ကန့်သတ်ခဲ့ပြီး ကုန်သွယ်ရေးအခက်ခဲများရှိလာပြီး ဈေးလည်း ထပ်မံမြင့်တက်လာခဲ့သည်။

January 20, 2026
မြန်မာနိုင်ငံအနှံ့ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားနေသည့်...
မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...