၎င်းက “ပြိုင်ဆိုင်မှု ပြင်းထန်လာရင် ပြဿနာတွေပေါ်လာနိုင်တယ်။ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ ကော်မတီဖွဲ့တာ အဲဒီမှာ ပြီးအောင်ရှင်းပေါ့။ မပြီးရင်တော့ သက်ဆိုင်ရာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဆက်လုပ် ချင်ရင်လည်း ဆက်လုပ်လို့ရတယ်။ အဲဒီအဆင့်ကို မရောက်ခင်ပြီးပြတ် အောင် အဓိက ရည်ရွယ်တယ်”ဟု ဆိုသည်။
မဲဆွယ်စည်းရုံးရေး ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရေးကို နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကေ်ာမရှင်တို့ ဇူလိုင်လ ၂၁ရက်၊ ရန်ကုန်မြို့ PARK ROYAL ဟိုတယ်တွင်တွေ့ဆုံရာတွင် သဘောတူညီခဲ့ခြင်းလည်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၂ခုနှစ်၊ သြဂုတ်လမှစတင်ကာ ခုနစ်ကြိမ်မြောက် တွေ့ဆုံမှုလည်းဖြစ်သည်။
ဦးညွှန့်တင်က “ဗဟိုမှာတော့ ကော်မရှင်ပါမယ်။ နေရာတိုင်းမှာ ပါတီအားလုံးပါမှာ မဟုတ်ဘူး။ မဲဆန္ဒနယ်တစ်ခုမှာ ၀င်ပြိုင်တဲ့ ပါတီတွေရယ်၊ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ အဲဒီလိုပါကြမယ်။ အခုတိုင်းအဆင့်တွေမှာတောင် စပြီးဖွဲ့နေတာ ရှိနေပြီ”ဟု ပြောသည်။
ကော်မတီကို ဖွဲ့စည်းရေးအတွက် သက်ဆိုင်ရာပါတီများမှ ပါဝင်မည့် ကိုယ်စားလှယ်များကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တောင်းဆိုမှုများရှိနေပြီဟု ပါတီနှင့် ကော်မရှင် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးသိန်းထွန်းက မဇ္ဈိမကို ပြောသည်။
၎င်းက “ကော်မတီနဲ့ စောင့်ကြည်တဲ့အပြင် ပါတီတွေကလည်း သူတို့လက်မှတ်ထိုးထားတဲ့ ကျင့်ဝတ်ကိုလည်း လိုက်နာမယ်ဆိုရင် အေးအေးဆေးဆေးဖြစ်မှာပါ။ ကော်မရှင်အနေနဲ့ကလည်း အေးအေးဆေးဆေး အောင်အောင်မြင်မြင်နဲ့ ရွေးကောက်ပွဲကို ဖြတ်သန်းချင်ပုံပါပဲ”ဟု ဆိုသည်။
ဇူလိုင်လ ၂၁ရက် တွေ့ဆုံမှုတွင် နိုင်ငံရေးပါတီများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပေးထားသည့် ကိုယ်စားလှယ်လောင်း တင်သွင်းရက်၊ မဲစာရင်းထုတ်ပြန်သည့်ကာလတို့ကို တိုးမြှင့်ပေးရန် ရွေးကောက်ပွဲရက်ကို နောက်သုံးလထိ ရွှေ့ပေးရန်လည်း တောင်းဆိုခဲ့ကြသေးသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးညွှန့်တင်က “ကျွန်တော်တို့က သူ့အချိန်နဲ့သူ အချိန်ကိုက် လုပ်နေရတယ်။ လွှတ်တော်သက်တမ်းက ဇန်နဝါရီကုန်ရင် သက်တမ်းကုန်ပြီ။ ရွေးကောက်ပွဲကို နောက်ဆုတ်ရင် လွှတ်တော်မရှိသလို ဖြစ်သွားမယ်၊ တခြားကိစ္စတွေကလည်း သူ့ဟာနဲ့သူ့ အစီအစဉ်အရလုပ်နေလို့ ဒါတွေက မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကောက်ယူထားသည့် အခြေခံမဲစာရင်း ၃၁ သန်းကျော် သည်လည်း နေပြည်တော်ရှိ ဗဟိုအချက်အလက် သိုမှီးရာ(ဆာဗာ)သို့ ရောက်ရှိနေပြီဟု ၎င်းက ဆိုသည်။
ဇူလိုင်လ ၂၁ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေဆုံပွဲကို နိုင်ငံရေးပါတီပေါင်း ရ၉ ပါတီထိ တက်ရောက်ကြသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေးပါတီ ပေါင်း ၈၈ပါတီထိ ပါတီဖွဲ့စည်းခွင့် မှတ်ပုံတင်ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်။







