တောတောင်ထဲ စစ်ရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ

တောတောင်ထဲ စစ်ရှောင်နေတဲ့ ဆွမ်ပီယန်ဒေသခံတွေ အခက်အခဲ ရင်ဆိုင်နေရ
တောတွင်းတစ်နေရာတွင် စစ်ရှောင်နေကြသည့် ဆွမ်ပီယန် စစ်ရှောင်ပြည်သူအချို့။
တောတွင်းတစ်နေရာတွင် စစ်ရှောင်နေကြသည့် ဆွမ်ပီယန် စစ်ရှောင်ပြည်သူအချို့။

ပူတာအိုမြို့နယ်၊ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီ တပ်စွဲလိုက်တဲ့နေ့ကစတင်ပြီး ဒေသခံတွေ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတာ ၁၀ လပြည့်လာပြီး ခက်ခဲမှုများစွာ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဆွမ်ပီယန်ကျေးရွာမှာ စစ်တပ်ဝင်ရောက်တပ်စွဲထားပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံရွာသားတွေ ယခုချိန်ထိ နေရပ်ပြန်ခွင့်မရသေးပဲ တောထဲမှာ မိုးကာတဲတွေနဲ့ စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ်။

တောထဲမှာ စစ်ရှောင်နေတာ ကာလကြာမြင့်လာတာနဲ့အမျှ ရင်ထဲခံစားလာရတဲ့ ခံစားချက်ကို ဆွမ်ပီယန် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက KNG ကို အခုလိုပြောပါတယ်။

“ကိုယ့်ရဲ့ အိုးအိမ် စည်းစိမ်၊ တိရစ္ဆာန်တွေအားလုံးကို ပစ်ထားခဲ့ပြီး တောထဲမှာ မိုးကာတဲနဲ့ပဲ နေနေရတာ ကာလကြာရှည်လာတော့ စိတ်အားငယ်တာတွေ၊ စိတ်ပူပန်မှုတွေ များစွာခံစားနေကြရပါတယ်။ အားလုံးက ရွာကိုပြန်ချင်ကြတယ်၊ တောထဲမှာပဲ အကြာကြီး မနေချင်လာတော့ဘူး။ အခု ကျနော်တို့ စစ်ရှောင်နေတဲ့နေရာက ဘာမှလည်း လုပ်ကိုင်စားသောက်လို့မရဘူး”

ဆွမ်ပီယန် (Sumpyi yang) ကျေးရွာ၊ အင်စီးယန်ကျေးရွာ (Ntsiyang) နဲ့ ၀ဒတ်ရွာ (Wadat) စတဲ့ ကျေးရွာ ၃ ခုလောက်က အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၁၄၀၀ ကျော်ဟာ လက်ရှိ ဆွမ်ပရာဘွမ်မြို့အနီး တောတစ်နေရာမှာ မိုးကာတဲတွေနဲ့ စစ်ဘေးရှောင်နေတာဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် မေလမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲလာပြီး ရွာသားတွေကို ဖမ်းဆီးချူပ်နှောင်မှု ကျူးလွန်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

ဆွမ်ပီယန် စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ အစားအသောက်ရိက္ခာတွေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ထောက်ပံ့နေပေမဲ့ စစ်ရှောင်လူဦးရေ များပြားတဲ့အတွက်ကြောင့် လုံလောက်မှုမရှိဘူးလို့ စစ်ရှောင်တွေ ပြောပါတယ်။

ဒီစစ်ရှောင်စခန်းမှာ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ကလေးငယ်တွေနဲ့ အမျိုးသမီးလူဦးရေက ပိုမိုများပြားတယ်လို့ သိရပါတယ်။

“တောထဲမှာဆိုတော့ ဖျားနာမှုတွေက အရမ်းများပါတယ်။ ဒီမှာ KIO အစိုးရဘက်ကလည်း တတ်နိုင်သလောက်တော့ ဆေးဝန်ထမ်းတွေကို ထားထားပေးတယ်။ ဆေးဝါးအနည်းအကျဉ်း ထားထားတယ်။ အဲဒါတွေနဲ့ လုံလောက်မှုတော့မရှိပေမဲ့ ဖြစ်သလို ဖြတ်ကျော်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေကိုတော့ ကျန်းမာရေးကောင်းတဲ့သူ စစ်ရှောင်စခန်းမှာပဲ မွေးလို့ရတဲ့သူက အဲမှာပဲမွေးပြီး အရေးပေါ် ဆေးရုံ၊ ဆေးခန်းသွားရမယ်ဆိုရင်တော့ မြစ်ကြီးနားဆင်းပြီး ဆွေမျိုးတွေအိမ်မှာ ခိုကပ်ပြီး ဆေးကုကြတဲ့သူတွေ ရှိပါတယ်။ အစားအသောက်တွေလည်း ရှိသလောက်နဲ့ ဖြစ်သလို ဖြတ်ကျော်နေပါတယ်” လို့ ဆွမ်ပီယန် စစ်ဘေးရှောင်အမျိုးသားက ဆက်ပြောပါတယ်။

လက်ရှိချိန်ထိ ဆွမ်ယီယန်ရွာသားတွေ နေအိမ်ပြန်ခွင့်မရသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဘက်က ဆွမ်ပီယန်ရွာမှာ အထိုင်ချထားဆဲဖြစ်ပြီး ပူတာအိုဘက်ကနေလည်း အင်အားတွေ ဆက်လက်ဖြည့်တင်းနေတာကြောင့် KIA နဲ့ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေ စစ်ရှောင်နေတဲ့ ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ဖောက်ထွင်းပြီး ပစ္စည်းခိုးယူကြသလို ကြက်၊ ဝက်၊ နွား စသဖြင့် အိမ်မွေးတိရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်လိုက်ကြတယ်လို့ ဆွမ်ပီယန် ရွာခံတွေ ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာလည်း ပူတာအိုနဲ့ ဆွမ်ပရာဘွမ်ကြားမှာ တိုက်ပွဲဖြစ်ပွားလာတာကြောင့် လုံရှာယန်၊ ဆွမ်ပီယန်၊ ခင်ဒူယန် စတဲ့ ကျေးရွာတွေထဲက ပြည်သူအားလုံး စစ်ဘေးရှောင်ခဲ့ရပေမယ့် တစ်နှစ်ခန့်အကြာ အခြေအနေတည်ငြိမ်လာချိန် နေရပ်ပြန်ခဲ့ကြပါတယ်။

သို့ပေမယ့် ဆွမ်ပရာဘွမ် မြို့သိမ်းတိုက်ပွဲအပြီး စစ်ကောင်စီဘက်က ပူတာအိုဘက်ကနေ ဆွမ်ပီယန်ကျေးရွာအထိ စစ်ကြောင်းထိုးဝင်လာတာကြောင့် တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်တဲ့ ဆွမ်ပီယန်ကျေးရွာ ဒေသခံတွေဟာ ကျေးရွာကို စွန့်လွတ်ပြီး ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...