ဂွရှိ ကန့်ကော်တောင်ရွာကို စစ်ကောင်စီလေတပ် ဗုံးကြဲ၍ သာသနာ့အဆောက်အအုံများနှင့် နေအိမ်များ ပျက်စီး

ဂွရှိ ကန့်ကော်တောင်ရွာကို စစ်ကောင်စီလေတပ် ဗုံးကြဲ၍ သာသနာ့အဆောက်အအုံများနှင့် နေအိမ်များ ပျက်စီး

ရခိုင်ပြည်၊ ဂွမြို့၊ ကျိန္တလီမြို့နယ်ရှိ ကန့်ကော်တောင်ကျေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ သာသနာ့အဆောက်အအုံများနှင့် နေအိမ်များ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄ နာရီကျော်ခန့်တွင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာဘုန်းကြီးကျောင်းရှိ နေရာတော်တော်များများ ပျက်စီးသွားသည့်အပြင် ဘုရားပုထိုးများပျက်စီးသွားကာ နေအိမ် ခုနစ်ဆောင်လည်း ပျက်စီးသွားကြောင်း သိရသည်။

လူထိခိုက်မှုမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။

ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ယခုသတင်းမှာ ဟုတ်မှန်သည်ဟု နိရဥ္စရာကို ပြောသည်။

ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ နှစ်ဘက်တိုက်ပွဲဖြစ်ပွားစဥ်ကလည်း စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းတို့မှ ပစ်ကူပေးနေခဲ့ပြီး ကျေးရွာများအတွင်းသို့ ဗုံးကြဲချ၍ ကျေးရွာအချို့ မီးလောင်မှုတို့ရှိခဲ့သလို ဒေသခံပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိသူများ ရှိခဲ့သည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်တွင် ဂွမြို့နယ်၊ ကူတို့လေးရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲမှုကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးပြီး ဒဏ်ရာရသွားသူများလည်းရှိခဲ့သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်ကလည်း ကူးတို့လေးရွာကိုပင် စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်း ဂွမြို့နှင့် ၂၆ မိုင်ခန့်အကွာ ချင်းကွင်းရွာအနီးရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် AA သည် ဂွမြို့နယ်တစ်ခုလုံးကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိထားခဲ့သည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...