ရှမ်းပြည်၊ ညောင်ရွှေမြို့နယ်ထဲက ကရင်နီစစ်ရှောင်တွေကို နေရပ်ပြန်ဖို့ မြို့နယ်ထွေအုပ် ထပ်မံသတိပေး

ရှမ်းပြည်၊ ညောင်ရွှေမြို့နယ်ထဲက ကရင်နီစစ်ရှောင်တွေကို နေရပ်ပြန်ဖို့ မြို့နယ်ထွေအုပ် ထပ်မံသတိပေး

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်အတွင်းကို ရောက်ရှိခိုလှုံနေကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေကို မတ်လအတွင်း နောက်ဆုံးထားပြီး နေရပ်ပြန်ကြဖို့ စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးက ထပ်မံ လာရောက်ပြောဆိုသွားတယ်လို့ စစ်ရှောင်တွေထံကနေ သိရှိရပါတယ်။

စစ်ရှောင်တွေကို လာမယ့် မတ်လမှာ အပြီး နေရပ်ပြန်ကြဖို့ ယခင်လတွေကတည်းက သတိပေးခဲ့တာရှိတယ်လို့ စစ်ရှောင်တစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“၃ လပိုင်း ကျောင်းတွေပိတ်တဲ့အခါ ပြန်ပေးကြဖို့ကို ပြောသွားတာ။ ကိုယ့်အသိစိတ်လေးနဲ့ကို ပြန်ပေးကြပါတဲ့။ ဘယ်တတ်နိုင်မလဲ စိတ်ညစ်ပေမဲ့ ပြန်ရုံပဲပေါ့” စစ်ရှောင်တစ်ဦးက ဆိုပါတယ်။

ညောင်ရွှေမြို့နယ်ဟာ ရှမ်းပြည်မှာ စစ်ရှောင်လက်ခံမှု အများဆုံးမြို့နယ် ဖြစ်ပါတယ်။

“တချို့သောနေရာကလည်း ဒီလိုမျိုးပဲ ကန့်သတ်ပိတ်ပင်မှုတွေ တောက်လျှောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ သူတို့က‌တော့ ကိုယ့်နေရပ်ကို ပြန်ဖို့ဆိုတဲ့ဟာပဲ အဓိက ဖိအားပေးတာပေါ့လေ။ ဒါပေမဲ့ အဲ့ဒီဒေသတွေကလည်း နေရပ်က စစ်ပဋိပက္ခတွေ ဖြစ်သေးတဲ့အနေအထားမှာ စစ်ရှောင်တွေ ရွေးချယ်စရာမရှိအောင် တမင်သက်သက် ဇောက်ထိုးကျလုပ်လိုက်တာပဲလို့ မြင်တယ်“ လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ညောင်ရွှေမြို့နယ်ရောက် ကရင်နီစစ်ရှောင်တွေဟာ စစ်ရှောင်စခန်း၊ ဘုန်ကြီးကျောင်းတွေအပြင် နေအိမ်ငှားရမ်နေထိုင်သူတွေလည်းရှိပြီး စစ်ရှောင်ဦးရေ ၁၅၀၀ ဝန်းကျင်ရှိတယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်းရဲ့ ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။

ကျန်းမာရေးအခြေအနေကြောင့် နေရပ်ပြန်ဖို့ အဆင်မပြေတဲ့ စစ်ရှောင်တွေကိုတော့ အခြားနေရာကို ရွှေ့ပြောင်းခိုင်းတာရှိတယ်လို့ ညောင်ရွှေ‌ရောက် လွိုင်ကော် စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“ဘုန်းကြီးကျောင်းမှာ နေတဲ့သူတွေက အစောကတည်းက ရွေ့ခိုင်းနေတာ။ ကျမကတော့ အခုက ကျန်းမာရေးမကောင်းလို့ လတ်တလောအခြေအနေတော့ ပတ်ဝန်းကျင်မှာ ရွေ့ပြောင်းခိုင်းတယ်” လို့ ညောင်ရွှေရောက် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ကရင်နီပြည်မှာ ၁ လေးလုံး စစ်ဆင်ရေးပြီးတဲ့နောက် လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်က ဒေသခံပြည်သူအများစုဟာ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ ညောင်ရွှေမြို့နယ်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြတာပါ။

လက်ရှိမှာတော့ လွိုင်ကော်မြို့တွင်းမှာ စစ်ရှောင်လူထုတွေ နေရပ်ပြန်လာနေထိုင်သူတွေရှိသလို ညောင်ရွှေမြို့နယ်မှာ ဆက်လက်တိမ်းရှောင်နေသူ များစွာကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။

Most read this week

ဓာတ်ပုံ - Thai PBS North
January 21, 2026
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ ၊ မနက် ၁ နာရီဝန်းကျင်မှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
၂၀၂၅ခုနှစ် သြဂုတ်လအတွင်း ရှမ်းပြည်တောင်ပိုင်းက နောင်ဗိုလ်ကျေးရွာကို PNO မိးရှို့မှုကြောင့် နေအိမ် မီးလောင်စဉ် (ဓါတ်ပုံ - PNLA )
January 20, 2026
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်းနင် ကျေးရွာကို...
ကရင်နီပြည်က အကျဉ်းထောင်တနေရာကို တွေ့ရစဉ် (ပုံဟောင်းအသုံးပြုထားသည်။)
January 19, 2026
ကရင်နီပြည် ၊ သံလွင်အရှေ့ခြမ်းက အကျဉ်းထောင်တခုမှာ မနေ့က ဇန်နဝါရီလ ၁၈ ရက်၊ မနက်စောပိုင်းက...
January 17, 2026
ရှမ်းပြည်တောင်ပိုင်း- ကရင်နီပြည် နယ်စပ်က ကျေးရွာခံအချို့နဲ့ စစ်ဘေးရှောင်တွေဟာ ပြီးခဲ့တဲ့...