“နိုင်ငံရေးအကျဉ်းသား” အဖြစ် သတ်မှတ်ပါက ပဋိပက္ခများဖြစ်နိုင်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော

“နိုင်ငံရေးအကျဉ်းသား” အဖြစ် သတ်မှတ်ပါက ပဋိပက္ခများဖြစ်နိုင်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော
by -
မဇ္ဈိမ
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟု အစိုးရက အစဉ်တစိုက် ခေါ်ဝေါ်လေ့ရှိသည့် အကျဉ်းသားများကို “နိုင်ငံရေးအကျဉ်းသား”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုမည်မဟုတ်ဟု ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း က ပြောဆိုလိုက်သည်။

အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူများအနက် “နိုင်ငံရေးအကျဉ်းသားများ”အဖြစ် ခွဲခြားသတ်မှတ်ပါက အကျဉ်းထောင်အတွင်း အခွင့်ထူးခံအကျဉ်းသား အတန်းအစားတစ်ရပ် ပေါ်ပေါက်လာမည်ဟုဆိုကာ “အကျဉ်းထောင် စည်းကမ်းချိုးဖောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနှင့် အကျဉ်းထောင်အတွင်း အုပ်စုလိုက် ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်သည်”ဟု ပြည်ထဲရေး ဒုဝန်ကြီးဖြစ်သူ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောသည်။

“နိုင်ငံရေးအကျဉ်းသား”ဟူသည့် စကားရပ်အပေါ် ဥပဒေအရ ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုရန် ရှိ၊ မရှိ လွှတ်တော်အမတ်တစ်ဦး ၏ မေးမြန်းမှုအပေါ် ဇူလိုင် ၂၁ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြည်ထဲရေး ဒုဝန်ကြီးက အထက်ပါအတိုင်း ပြော ဆိုလိုက်ခြင်းဖြစ်သည်။

ဒုဝန်ကြီး၏ အထက်ပါပြောဆိုချက်အပေါ် နိုင်ငံရေးအကျဉ်းသားဟောင်းများ ဦးဆောင်ကော်မတီဝင် တစ်ဦးဖြစ်သည့် ဦးညိုထွန်းက ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံ့ချခဲ့သည်။

“ဒီလိုအသိဉဏ်မျိုး၊ ဒီလိုပညာမျိုးနဲ့ ဝတ်ကျေတန်းကျေ လက်ညိုးထောင်ခေါင်းညိတ်လုပ်နေပြီးတော့ ဝန်ကြီးလုပ်နေတာကို လည်း တော်တော်အ့ံဩတယ်။ သမိုင်းကြောင်းကို နားမလည်နိုင်တာလည်း တော်တော်အံ့ဩတယ်”ဟု ဦးညိုထွန်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုရန်ရှိ၊ မရှိ မေးမြန်းသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာမေဝင်းမြင့်ကမူ “ကျွန်မအနေနဲ့ အကျဉ်းထောင်မှာ (၁၂)ကျော် နေခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်းက ကျွန်မတို့ အခြား အကျဉ်းသားများ နည်းတူ တင်းကြပ်စွာ နေခဲ့ရပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ယုံကြည်ချက်ကြောင့် လုပ်ကြတာပဲ ဖြစ်ပါတယ်။ တခြား ရာဇဝတ်မှုကျူးလွန်တဲ့သူတွေနဲ့ တတန်းတည်း ထားလို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု လွှတ်တော်တွင် ပြောဆိုခဲ့သည်။

၂၀၁၀ မတိုင်မီနှစ်များအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား ၂,ဝဝဝ ကျော်ရှိခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အကြိမ်ကြိမ်သော အကျဉ်းသား လွှတ်ပေးမှုများတွင် နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်လာခဲ့ပြီး မြန်မာ့နိုင်ငံရေးအခြေအနေနှင့် အစိုးရအပေါ် အကောင်းဘက်မှ ရှုမြင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား မရှိဟု အစိုးရက အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အသုံးအနှုန်းအစား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟုသာ တစ်ဆင့်နှိမ့် ခေါ်ဝေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုင်တွယ်ကျင့်သုံးလျက်ရှိသော တည်ဆဲဥပဒေအရပ်ရပ်တွင် “နိုင်ငံရေးအကျဉ်းသား” ဟူသော စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆို ပြဌာန်းထားခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်ဟုလည်း ဒုတိယဝန်ကြီးက ဆိုသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း၏ ပြောဆိုချက်အရ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့် စုစုပေါင်း (၅၄)ကြိမ်တွင် အကျဉ်းသားဦးရေ (၇၁,၉၆၀)ဦးကို ပြန်လွတ်ပေးခဲ့သည်ဟု ဆိုုသည်။

ယခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၁၆၉ ဦး ဆက်လက်ဖမ်းဆီး ထိန်းသိမ်းခံနေရပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ စုစုပေါင်း ၄၄၆ ဦးတို့သည် တရားရင်ဆိုင်နေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B က ထုတ်ပြန်ထားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...