ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသည့် လူငယ်များကို ရဲစခန်းကနေ စစ်တပ်သို့ ခေါ်ထုတ်ပြီး ညှဉ်းပန်းနှိပ်စက်မှုများရှိနေ

ကျောက်ဖြူတွင် ဖမ်းဆီးခံထားရသည့် လူငယ်များကို ရဲစခန်းကနေ စစ်တပ်သို့ ခေါ်ထုတ်ပြီး ညှဉ်းပန်းနှိပ်စက်မှုများရှိနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသည့် လူငယ်များကို စစ်ကောင်စီက ရဲစခန်းမှ စစ်ကောင်စီတပ်ရင်းသို့  ခေါ်ထုတ်ပြီး စစ်ဆေးရာတွင် ပြင်းပြင်းထန်ထန် ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေကာ တချို့ကို ဆေးရုံတင်ထားရကြောင်း သတင်းရရှိသည်။

ကျောက်ဖြူမှ ဖမ်းဆီးခံထားရသူများကို တရားရုံးလည်းမတင်ဘဲ စစ်ကောင်စီစစ်တပ်မှ အာဏာပြကာ ဥပဒေကို မလိုက်နာပဲ ဖမ်းဆီးနှိပ်စက်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူဒေသခံ လူမှုရေးလှုပ်ရှားဆောင်ရွက်နေသည့် အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက နိရဉ္စရာကိုပြောသည်။

"အခုလုပ်နေတာက စစ်သားတွေ အာဏာပြပြီးလုပ်နေတာ။ စစ်ရာဇဝတ်မှု ကျူးလွန်နေတာ။ ရဲမှာ ရဲဥပဒေနဲ့ စစ်ဆေးတာမဟုတ်ဘူး။ စစ်တပ်က ချုပ်ကိုင်ထားတာ။ အဖမ်းခံရတဲ့ လူငယ်တွေက ရဲစခန်းကနေ စစ်တပ်ထဲကိုခေါ်ပြီး နှိပ်စက်ခံရတာ" ဟု ပြောသည်။

ယခုလို ညှဉ်းပန်းနှိပ်စက်၍ ဒဏ်ရာရသွားအချို့ကို ဆေးရုံတင်ထားရကြောင်း၊ မိသားစုများလည်း အထူးစိုးရိမ်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

"အဓိက တခြားအမှုနဲ့ အဖမ်းခံရတဲ့လူထက် စစ်သားတွေက AA နဲ့ပက်သက်တယ်လို့ ထင်တဲ့လူတွေကို ရိုက်နှက်စစ်ဆေးတာ။ ဒဏ်ရာဒဏ်ချက်တွေပြင်းလို့ ဆေးရုံမှာ တိတ်တဆိတ် ကုသပေးနေတယ်။ စစ်ကြောရေးမှာ သေလောက်အောင် နှိပ်စက်တယ်" ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ သံသဖြင့် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် လူငယ်များကို စစ်ကောင်စီမှ စစ်ကြောရေးတွင်ခေါ်ကာ ညှင်းပန်းနှိပ်စက်သဖြင့် ‌ဆေးရုံတင်ထားရသည်မှာ ဟုတ်မှန်ကြောင်း ကျောက်ဖြူမြို့၏ စစ်ရေးစောင့်ကြည့်လေ့လာနေသူ အမျိုးသားတစ်ဦးကလည်း နိရဉ္စရာသတင်းဌာနကို ပြောသည်။

AA သံသယဖြင့် ဖမ်းဆီးခံထားရသူများကို မြို့မရဲစခန်းမှခေါ်ထုတ်ပြီး စစ်ကောင်စီ၏ တပ်ရင်းတချို့နှင့် စရဖရုံးစစ်ကြောရေးတွင် စစ်ဆေးညှဉ်းပန်းနှိပ်စက်နေသည်ဟု သိရသည်။

လက်ရှိ AA သံသယဖြင့် ဖမ်းဆီးခံထားရသူအများစုမှာ ဂုံးချွိန်၊ ခန္ဓီး အပါအဝင်  ကျောက်တလုံးစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံထားရသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူတွင် ၂၀၂၃ နိုဝင်ဘာတိုက်ပွဲကာလမှ ၂၀၂၅ ဇန်နဝါရီလအထိ AA သံသယဖြင့် ဖမ်းဆီးခံထားရသူ၊ ငါးဖမ်းထွက်သည့် ငါးဖမ်းသမားများနှင့် နယ်ဖက်သို့  ဈေးရောင်း‌၊ ဈေးဝယ်ပြုလုပ်သူ စသည်ဖြင့် ရာနှင့်ချီကို စစ်ကောင်စီမှ ဖမ်းဆီးထားပြီး တချို့ကို ငွေဒဏ်၊ တချို့ကို ထောင်ဒဏ်ချမှတ်ကာ တချို့ကို စစ်ကြောရေးတွင် စစ်ဆေးနေကြောင်း သိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...