တောင်ကုတ်စစ်ရှောင်များ မြို့ကိုဝင်ခွင့်မရသေး

တောင်ကုတ်စစ်ရှောင်များ မြို့ကိုဝင်ခွင့်မရသေး

တောင်ကုတ်မြို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသည်မှာ တစ်လနီးပါးကြာမြင့်ခဲ့သော်လည်း မြို့တွင်းလုံခြုံရေး အခြေအနေများကြောင့် စစ်ရှောင်ပြည်သူများ မြို့ကို ပြန်ဝင်ခွင့်မရသေးကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများက ပြောသည်။

စကခ (၅) အခြေစိုက် တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် တောင်ကုတ်မြို့တွင်း မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်ကျန်လက်နက်ပစ္စည်းများနှင့် အပြိုအပျက်စီးများကို ရှင်းလင်းရေးပြုလုပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

"မြို့ထဲ အပျက်အစီးများတယ်။ မြင်မကောင်းတာတွေ ရှိတယ်။ မိုင်းအန္တရာယ်လည်း မရှင်းသေးဘူး။ အဲဒါတွေကို ရှင်းလင်းနေတာသိရတယ်"

တောင်ကုတ်မြို့နယ် ရခိုင်ရိုးမ ပဲခူးနယ်စပ်တိုက်ပွဲများကြောင့် လေကြောင်းအန္တရာယ် စိတ်မချရ၍လည်း မြို့ခံစစ်ရှောင်များ ပြန်ဝင်ခွင့်မပေးသေးဟု အာဏာပိုင်များထံမှ ကြားသိရကြောင်း စစ်ဘေးရှောင်များ ကူညီပေးနေသူတစ်ဦးက ပြောသည်။

"ပဲခူးနယ်စပ်ဘက်မှာလည်း တိုက်ပွဲတွေရှိနေတယ်။ လေကြောင်းအန္တရာယ်က စိတ်ချရတဲ့အခြေအနေ မဟုတ်သေးဘူး။ မြို့ထဲကိုတော့ ပြည်သူတွေ ဝင်ခွင့်မရသေးတဲ့ အခြေအနေပါ အခုက။ တချို့နယ်ဘက်တွေမှာတော့ ပြန်ဝင်ခွင့်ပေးထားပြီ" ဟု နိရဥ္စရာသို့ပြောသည်။

စစ်ရှောင်ပြည်သူများတွင် အရေပြားရောဂါဖြစ်ပွားမှုရှိနေပြီး ဆောင်းတွင်းကာလ အနွေးထည်နှင့် စောင်များ အရေးတကြီးလိုအပ်နေကြောင်း သူကပြောသည်။

"အရေပြားရောဂါ ဖြစ်နေတာတွေရှိတယ်။ စားဝတ်နေရေးကိုတော့ ဖြစ်သလို အဆင်ပြေအောင် ဖြေရှင်းနေကြရတယ်။ လှူရှင်တွေက စေတနာပေါက်ထောက်ပံ့လှူဒါန်းတာတွေရှိတယ်။ ဆောင်းကာလဆိုတော့ အနွေးထည်တွေ စောင်တွေ လိုအပ်နေတယ်" ဟု ပြောသည်။

တောင်ကုတ်မြို့သည် ပဲခူးတိုင်းဒေသကြီးနှင့် ထိစပ်နေသည့် ရခိုင်ရိုးမတောင်ခြေမြို့တစ်မြို့ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့် မိုင် ၁၀၀  ကွာဝေးသည်။

တောင်ကုတ်မြို့မှ စစ်ကောင်စီတပ်စခန်းများကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်တွင် AA က စတင်ထိုးစစ်ဆင်ခဲ့ပြီး စကခ (၅) တပ်မနှင့် တောင်ကုတ် တမြို့လုံးကို ဒီဇင်ဘာလ ၁၄ ရက်တွင် အပြီးသတ် သိမ်းပိုက်ခဲ့သည်။

March 25, 2026
ရခိုင်ပြည်တွင် စစ်ကျန် မြေမြှုပ်မိုင်းနှင့် လက်နက်ခဲယမ်းများကြောင့် သေဆုံးဒဏ်ရာရသူများ...
March 24, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော်နှင့် စစ်ရေးတင်းမာနေသည့် ရခိုင်ပြည် မြို့တော်စစ်တွေတွင်...
March 23, 2026
ရခိုင်တွင် အာရက္ခအမျိုးသားတက္ကသိုလ်ကို အာရက္ခအမျိုးသားပညာရေးဌာနက မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ပြီး...
ဓာတ်ပုံ - ပုံဟောင်း
March 21, 2026
နှင်းနွယ်နီ - ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသော်လည်း စစ်ကော်မရှင်က...