ဘီးလင်းမြို့ပေါ်တွင် စစ်တပ်ပေါ်တာဆွဲယူမှု များလာသဖြင့် ညပိုင်း အသွားအလာပြုလုပ်မှု သတိထားနေရ

ဘီးလင်းမြို့ပေါ်တွင် စစ်တပ်ပေါ်တာဆွဲယူမှု များလာသဖြင့် ညပိုင်း အသွားအလာပြုလုပ်မှု သတိထားနေရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့ပေါ်တွင် ယခု ဇန်နဝါရီလ ဒုတိယအပတ်အတွင်းမှစ၍ စစ်တပ်က ညအချိန် ပေါ်တာဆွဲယူမှုများလာသဖြင့် အသွားအလာပြုလုပ်ရာတွင် သတိထားနေရသည်ဟု ဘီးလင်းမြို့နယ်ရှိဒေသခံများက ပြောသည်

အထူးသဖြင့် အသက် (၂၀)၊ (၃၀) ဝန်းကျင်အရွယ် လူငယ်၊ လူလတ်ပိုင်းများကို စစ်တပ်က ပေါ်တာဆွဲနေခြင်းဖြစ်၍ မြို့ပေါ်၌ ညအချိန်အသွားအလာ မပြုလုပ်ကြရန် သတိပေးတားမြစ်မှုတို့ လုပ်ဆောင်ထားရကြောင်း ဘီးလင်းဒေသခံ ရပ်မိ/ရပ်ဖ အမျိုးသားတစ်ဦးက ပြောသည်။

“မြို့ပေါ်မှာဆွဲတာပါ။ တောင်စွန်းမှာလည်းဆွဲတယ်လို့ ပြောသံကြားတယ်။ နှစ်ဆယ်ကျော် သုံးဆယ်ကျော် လူငယ်တွေကိုဆွဲနေတာ။ အဓိကညပိုင်းပေါ့။ အပြင်တောင်မထွက်ရဲကြဘူး။ ကျနော်တို့ဆီက လူငယ်တွေကိုလည်း ညဘက်ညဘက် အပြင်မသွားနဲ့တော့လို့ မှာထားရတယ်” ဟု အဆိုပါအမျိုးသားက ယမန်နေ့တွင် ပြောသည်။

စစ်တပ်ပေါ်တာဆွဲခံရသဖြင့် လူပျောက်ဆုံးမှုများပြားလာသလို သွားလာရေးနှင့် စီးပွားလုပ်ငန်းလုပ်ကိုင်ရေးတွင် မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဂိတ်များက ငွေကြေးကောက်ခံနေကြသည့်အတွက် စိုးရိမ်ကြောင့်ကြမှုအပြင် ငွေကုန်ကြေးကျများပြားလာကြောင်းလည်း ဘီးလင်းမြို့နယ်တွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးကလည်း “မြို့ထဲမှာ ဒီရက်ပိုင်းပေါ်တာတွေ ဆွဲနေတယ်လေ။ ပါတဲ့သူတွေလည်း ပါကုန်ပြီ။ ရွာနေလူထုက အဲဒါကြောင့်လည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ လုပ်စားရောင်းစားဖို့သွားရင်လည်း တချို့ဂိတ်တွေမှာ မှတ်ပုံတင်ပါရင်တောင် စစ်တပ်ဂိတ်ကို ပိုက်ဆံပေးရတာတွေရှိနေတယ်။ စိုးရိမ်နေရတာပေါ့” ဟု ၎င်းက ဆိုသည်။

အာဏာသိမ်းကာလ (၄) နှစ်တာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများအကြား စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားဆုံးရှုံးမှုများပြားလာခြင်းကြောင့် ၂၀၂၄ ခုနှစ် နှစ်စပိုင်းမှစ၍ စစ်တပ်က စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ဆောင်လာသည်မှာ လက်ရှိတွင် အပတ်စဥ် (၈) အထိ ရောက်ရှိပြီဖြစ်သည်။

ယခင် အပတ်စဥ် (၁) မှ (၇) ကြား တိုင်းနှင့်ပြည်နယ်အလိုက် မြို့နယ်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင်မည့်သူများအား ငွေပေးခြင်းအပြင် အခြားသော ဖိအားပေး၊ စည်းရုံးမှုပုံစံအမျိုးမျိုးဖြင့် စစ်တပ်က အရပ်သားများကို စစ်မှုထမ်းစေခိုင်းခဲ့သည်။

သို့ရာတွင် အပတ်စဥ် (၈) မှစ၍ တောင်ပိုင်းတိုင်းဒေသအတွင်း စစ်တပ်ပေါ်တာဆွဲသည့်ဖြစ်စဥ်များ ခပ်စိတ်စိတ်ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

အလားတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလပိုင်းကလည်း ကရင်ပြည်နယ်၊ ကျုံဒိုးမြို့၌ စစ်ကောင်စီက စစ်မှုထမ်းစာရင်းပါသည်ဟု ပြောဆို၍ အရပ်သားတစ်ဦး၏ နေအိမ်အတွင်းထိ ဝင်ရောက်ပြီး အတင်းအကြပ် ပေါ်တာဆွဲခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။

Most read this week

December 4, 2025
ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့်ကျုံဒိုးမြို့ အုပ်ချုပ်ရေးမှူးရုံးများသို့ ရွေးကောက်ပွဲ မဲပေးနိုင်ရေး...
Photo credit - CJ
December 3, 2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် ယမန်နေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညကိုးနာရီခွဲ ဝန်းကျင်က...
December 3, 2025
ကရင်အမျိုးသားအစည်းအရုံး-KNU က လေးကေကော်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များကို...
Photo credit - CJ
December 2, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ မြဝတီတောင်ဘက်ခြမ်းရှိ မင်းလက်ပံ...