ကနီမြို့နယ်က အခွန်ဂိတ်အားလုံးကို ဒေသအခြေစိုက်တပ်ရင်းများ ယာယီထိန်းချုပ်

ကနီမြို့နယ်က အခွန်ဂိတ်အားလုံးကို ဒေသအခြေစိုက်တပ်ရင်းများ ယာယီထိန်းချုပ်
ကနီမြို့နယ်အတွင်း ရေကြောင်းနှင့် ကုန်းကြောင်းဂိတ်များမှ ဖမ်းဆီးထားသည့် သစ်မှောင်ခို သယ်ဆောင်မှုများ (Photo -CJ)
ကနီမြို့နယ်အတွင်း ရေကြောင်းနှင့် ကုန်းကြောင်းဂိတ်များမှ ဖမ်းဆီးထားသည့် သစ်မှောင်ခို သယ်ဆောင်မှုများ (Photo -CJ)

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့် ကနီမြို့နယ်တွင် ဖွင့်လှစ်ထားသည့် အခွန်ဂိတ်အားလုံးကို ငွေစာရင်းကွာဟမှုကြောင့် ဒေသအခြေစိုက် တပ်ရင်းများ စုပေါင်း၍ ယာယီထိန်းချုပ်လိုက်ကြောင်း သိရသည်။

ယင်းသို့ အခွန်ကောက်ခံသည့် ဂိတ်များအား ထိန်းချုပ်လိုက်ခြင်းကို ဇန်နဝါရီလ ၇ ရက်နေ့တွင် ကနီမြို့နယ်အခြေစိုက် တပ်ရင်းများ စုပေါင်းဆုံးဖြတ်ကာ ဆောင်ရွက်ခြင်းဖြစ်သည်။

“လုံခြုံရေးအရ အခွန်ကောက်နေတဲ့ဂိတ်တွေကို ရှောင်တခင် စစ်ဆေးရာမှာ သိန်းပေါင်းသောင်းချီနေတဲ့ ကွာဟမှုတွေကို တွေ့ရတယ်။ ဒီငွေကြေးတွေက စစ်ရေးအတွက် စီးဆင်းမှုမရှိသလောက် နည်းပါးတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေ ပျောက်ဆုံးလေလွင့်မဖြစ်အောင် ယာယီထိန်းသိမ်းလိုက်ခြင်းဖြစ်ပါတယ်” ဟု ကနီမြို့နယ် ကာကွယ်ရေးတပ်ရင်းတခုမှ တာဝန်ရှိသူကပြောသည်။

ကနီမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သယံဇာတအဖွဲ့မှ ရေကြောင်းနှင့် ကုန်းကြောင်းမှ အခွန်ကောက်ခံနေသည့် ဂိတ်များနှင့် တရားမဝင်ဂိတ် စုစုပေါင်း ၁၉ ဂိတ်ရှိပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ယင်းမာပင် ခရိုင်ကွပ်ကဲရေး၏ ညွှန်ကြားမှုဖြင့် ရေးကြောင်းတနေရာတွင် လုံခြုံရေးဂိတ်ဖွင့်ပြီး နှစ်လကြာ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရေကြောင်းအခွန်ကောက်ခံရေးဂိတ်များမှ ကောက်ခံရရှိသည့် စာရင်းနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၏ သုံးနှစ်တာ ဘဏ္ဍာငွေရှင်းတမ်းပါ အခွန်ကောက်ခံရငွေစာရင်းကို တိုက်ဆိုင်စစ်ဆေးရာ၌ ငွေကြေးပမာဏ အလွန်ကွာဟနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကနီမြို့နယ်တွင် အခွန်ကောက်ခံခြင်း၊ အခွန်ကောက်ခံရရှိမှုတို့နှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဘဲ တရားမဝင်ဂိတ်များ အခွန်ကောက်ခံမှုမှာ အလွန်ဆိုးဝါးနေကြောင်း၊ ကောက်ခံရရှိသော အခွန်ငွေများကို ကာကွယ်ရေးစရိတ်အတွက် အသုံးပြုမှု အလွန်နည်းပါးကြောင်း ဒေသတွင်းစစ်ရေးသတင်းမြစ်က ပြောသည်။

“သူတို့က ဘဏ္ဏာအခွန်ဝန်ကြီးဌာနကို တင်ပြတဲ့အခါ တနှစ်စာဝင်ငွေအစား တလစာဝင်ငွေလောက်ကိုပဲ တင်ပြတယ်လို့ တပ်ရင်းတပ်ဖွဲ့တွေဆီက ကြားရတယ်။ ကျနော်တို့ သိရသလောက်ဆိုရင်တော့ အဖွဲ့တွေပေါင်းပြီး တကျိတ်တည်း တကြံတည်း လုပ်သွားကြတာ၊ တာဝန်အရှိဆုံးကတော့ မြို့နယ် ပအဖပါပဲ” ဟု စစ်ရေးသတင်းမြစ်က ပြောသည်။

အခွန်ကောက်ခံနေသည့် ဂိတ်များမှ ပျောက်ဆုံးနေသော ငွေကြေးများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကနီမြို့နယ်အခြေစိုက် အမျိုးသားညီညွတ်ရေးအစိုးရ၏ လက်အောက်ခံတပ်များအားလုံးက တောင်းဆိုထားသည်။

“ဂိတ်တွေမှာ အခွန်ကောက်နေသူတွေကို ဆက်လက်လုပ်ဆောင်စေပြီး အခွန်ငွေကောက်ခံမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိအောင် တပ်ရင်းတွေက ကိုင်တွယ်မှာဖြစ်ပါတယ်။ တရားမဝင်ဂိတ်တွေကို ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကလည်း ရှိပြီးသားဆိုတော့ ပိတ်သိမ်းဖို့ကိစ္စတွေကို မြို့နယ်တပ်ရင်းတွေက ဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ကနီမြို့နယ် တပ်ရင်းတခုမှ တာဝန်ရှိသူက ပြောသည်။

ဒေသအခြေစိုက် တပ်ရင်းများအနေဖြင့် ငွေကြေးကွာဟမှုအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ စစ်ဆေးပြီး ကျူးလွန်သူများအား ထိရောက်စွာ အရေးယူပေးရန်နှင့် အဆိုပါငွေများကို ကာကွယ်ရေးအတွက် ထိရောက်စွာ အသုံးချစေလိုကြောင်း ပြောကြားသည်။

January 23, 2026
MTO — မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ကြောင်းထိုးတိုက်ခိုက်မှုများကြောင့်...
ဓာတ်ပုံ - ရန်ကုန်မြို့တွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂ဝ၂၁ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (AFP)
January 22, 2026
ဓါတု — ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တနှစ်တာအတွင်း အရပ်သား ၂,၀၃၅ ဦးကို...
စည်သူပလပ်ကျွတ်ကို ၎င်း၏ တစ်တော့အကောင့်တွင် ယနေ့ (ဇန်နဝါရီ ၂၀ ရက်) ညနေပိုင်းက တင်ထားသော ပိုစ့်၌တွေ့ရစဉ် ။
January 21, 2026
ဂျူချန်း — ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက်...
January 20, 2026
ဟန်ထူးဇော် — DKBA နာယက စောစတီး၏ သား ဗိုလ်မှူးကြီးစောအဲ့လယ်ထူး ဦးဆောင်သည့် Deeko Park...