PDF စခန်းနေရာဖြစ်သဖြင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းဖြန့်ဝေနေ

PDF စခန်းနေရာဖြစ်သဖြင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းဖြန့်ဝေနေ

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းရှိ ကျေးရွာနှစ်ရွာသို့ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များ‌ နေထိုင်ရာဖြစ်သဖြင့်ဟူသော သတင်းဖြန့်ဝေမှု ထွက်ပေါ်လျက်ရှိသည်။

ယင်းသတင်းဖြန့်ဝေမှုကို myo chit myannar (အမွှေစိန်) အမည်ရ Subscribe ပြုလုပ်သူ ၂,၂၁၁ ဦးရှိသည့် တယ်လီဂရမ်ချန်နယ်မှ ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါပို့စ်ကို ကြည့်ရှုသူ ၃၈၀ ဦးရှိသည်။ ပို့စ်ကို ဖော်ပြပါ (https://archive.ph/8LKwU) တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

ထိုသတင်းအား ကရင်သတင်းဌာန - ကေအိုင်စီ၏ သတင်းအချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်း သိရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်

myo chit myannar (အမွှေစိန်) တယ်လီဂရမ်ချန်နယ်က “နှစ်သစ်ရဲ့ ပထမရက်နေ့မှာပဲ ဒီးမော့ဆို အနောက်ခြမ်း ပဆေးလာနှင့် ဝါဘန်းပလိုကြားက PDF စခန်း ဗုံးကြဲခံရ။ မာဝီ အခြေအနေကောင်းရဲ့လားကွယ်။  မဲလုံးကြီး မသေမှာ စိတ်ပူတယ်” ဟု ဖော်ပြထားခြင်းဖြစ်သည်။

၎င်းဖော်ပြချက်အရ ဇန်နဝါရီလ ၁ ရက်နေ့က ကရင်နီ၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် ဗုံးကြဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် ဖြစ်ပွားမှု ရှိ/မရှိ စုံစမ်းမေးမြန်းရာ ဇန်နဝါရီလ ၁ ရက်နေ့ ညနေ (၅) နာရီဝန်းကျင်က ဆိုဘောသဲနှင့် ပဆေးလာရွာအနီးတွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု (၃) ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့မှာ အရပ်သားပြည်သူများ နေထိုင်ရာနေရာများဖြစ်ကြောင်း ကရင်နီ ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကရင်နီပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်နေသည့် ကရင်နီလူ့အခွင့်အရေးအဖွဲ့ - KnHRG မှ ဒါရိုက်တာ ဦးဗညားခွန်အောင်ကလည်း “ဟုတ်တယ် အဲဒီနှစ်နေရာကို ဗုံးလာကြဲသွားတာ။ စစ်ရှောင်ရော နယ်ခံရော ရှိတဲ့ရွာပေါ့။ သူတို့ပြောတဲ့ PDF စခန်းဆိုတာက ရွာနဲ့ဝေးပါသေးတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ထို့အပြင် ကရင်နီပြည်နယ်အတွင်း သတင်းများတင်ဆက်နေသည့် ကန္တာရဝတီတိုင်းသတင်းဌာနက အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖော်ပြထားသည့် ဇန်နဝါရီလ ၁ ရက်နေ့က ပို့စ်တွင်လည်း လေကြောင်းပစ်ခတ်ခံရသည့်နေရာမှာ အရပ်သားနေထိုင်ရာ ကျေးရွာဖြစ်သည်ဟု သတင်းအရင်းအမြစ်များနှင့်တကွ ဖော်ပြထားကြောင်း တွေ့ရသည်။

ကန္တာရဝတီတိုင်း၏ သတင်းလင့်ခ်ကိုလည်း ဖော်ပြပါ (https://l.facebook.com/l.php?u=https%3A%2F%2Fwww.kantarawaddytimes.org) တွင် ဖတ်ရှုနိုင်သည်။

အလားတူ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သတင်းကို လွတ်လပ်သည့်သတင်းမီဒီယာတစ်ခုဖြစ်သော Myanmar Press Photo Agency က ဖော်ပြထားသည်။ သတင်းလင့်ခ်ကို (https://mpapress.com/%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8/57352/)တွင် ဖတ်ရှုနိုင်သည်။

သုံးသပ်ချက်

myo chit myannar (အမွှေစိန်) တယ်လီဂရမ်ချန်နယ်၏ မူရင်းသတင်းဖော်ပြချက်ကို လေ့လာကြည့်ပါက သတင်းအချက်အလက်နှင့် ကုတ် (စိတ်ချရသည့်သတင်းအရင်းအမြစ်၏ပြောစကား) မပါဝင်ဘဲ ရေးသားထားသည့် သက်သေမစုံလင်သော သတင်းဖော်ပြချက်မျိုး တွေ့ရှိရသည်။

ထို့အပြင် ၎င်းချန်နယ်က ယခင်ဖြန့်ဝေနေသည့် သတင်းများမှာလည်း စစ်ကောင်စီကို အသားပေးပြီး စစ်တပ်ဆန့်ကျင်သောအဖွဲ့မှန်သမျှ၏ သတင်းများကို မဟုတ်မမှန် ရေးသားဖြန့်ဝေမှုမျိုးဖြစ်ကြောင်းကိုလည်း တွေ့ရမည်ဖြစ်သည်။

စစ်ကောင်စီသည် အဆိုပါနေ့မတိုင်ခင် ဒီဇင်ဘာလ ၃၁ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းနှင့် လွိုင်ကော်မြို့နယ်အရှေ့ခြမ်းရှိ စစ်ရှောင်နှင့် အရပ်သားပြည်သူနေထိုင်ရာသို့  လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးရသည့် ပြည်သူအချို့ရှိခဲ့ကြောင်း ကရင်နီအခြေစိုက် တိုင်းရင်းသားသတင်းမီဒီယာများအပြင် စစ်ရှောင်အရေးကူညီနေသည့် အသင်းအဖွဲ့များမှ လူမှုကွန်ရက်မှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။

၎င်းတို့ကို စိစစ်ကြည့်ခြင်းဖြင့် စစ်ကောင်စီက အရပ်သားနေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်ပြီးမှ လက်နက်ကိုင်နေထိုင်ရာနေရာအဖြစ် ပုံဖော်ဝါဒဖြန့်ခဲ့သည်မှာ ထင်ရှားသောကြောင့် myo chit myannar (အမွှေစိန်) ၏ သတင်းဖြန့်ဝေမှုမှာ သတင်းအမှားသာဖြစ်သည်။

ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက စောလျင်စွာ ယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံ၊ ရုပ်သံများအား ဂရုပြုလေ့လာခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ အတည်ပြုချက်ရယူခြင်း၊ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအား စောင့်ကြည့်အတည်ပြုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

Most read this week

January 23, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊  တောအူး(တောင်ငူ)ခရိုင်၊ လိပ်သိုမြို့နယ် မစကျေးရွာတွင်...
January 22, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာတွင်...
January 22, 2026
KNLA တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဂီနွီးနှင့် တွေ့ဆုံမေးမြန်းခြင်း...
January 21, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ နယ်မြေမငြိမ်မသက်မှုကြောင့် တစ်လကျော် ကမ်းကူးသွားလာခွင့်...