တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံအင်း အရှေ့ဖက်ကမ်းကို စစ်ကောင်စီ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်မှုပြုလုပ်၊ ဒေသခံတချို့ တိမ်းရှောင်

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဖယ်ခုံအင်း အရှေ့ဖက်ကမ်းကို စစ်ကောင်စီ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်မှုပြုလုပ်၊ ဒေသခံတချို့ တိမ်းရှောင်

ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဖက်ကမ်းက ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖယ်ခုံစစ်ကောင်စီအခြေစိုက် တပ်ရင်းကနေ လက်နက်ကြီးနဲ့ ၃ ရက်ဆက်တိုက် ပစ်ခတ်နေတာကြောင့် ဒေသခံတချို့ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ဆက်တိုက် ပစ်ခတ်ခဲ့တာကြောင့် လက်နက်ကြီးကျရောက်တဲ့ ကျေးရွာက ဒေသခံတွေဟာ အနီးအနားက ကျေးရွာတွေမှာ သွားရောက်တိမ်းရှောင်ကြတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

လက်နက်ကြီးပစ်ခတ်တဲ့ စစ်ကောင်စီတပ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

“လက်နက်ကြီးကျတာတော့ ကြာပြီ။ တချို့ကျေးရွာက ရွာအပြင်ဖက်ပဲကျတယ်။ တချို့ရွာကျတော့ ရွာထဲထိကျတာလည်းရှိတယ်။ ရွာထဲထိ လက်နက်ကြီးကျတဲ့ရွာကျတော့ တချို့က ဘေးရွာတွေပဲ ရှောင်ကြတာရှိတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီ စစ်ကြောင်းထိုးဝင်ရောက်တာ မရှိပေမယ့် လက်နက်ကြီးထိမှန်မှာကို ဒေသခံတချို့က စိုးရိမ်ထိတ်လန့်ပြီး တိမ်းရှောင်နေကြတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖယ်ခုံအခြေစိုက် ခမရ ၄၂၁ တပ်ကနေ ဖယ်ခုံအင်း အရှေ့ဘက်ခြမ်းက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ၆ ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်း ရှိခဲ့ပါတယ်။

ဒါ့ကြောင့် ဒေသခံတွေအနေနဲ့ လုံခြုံရေးအခြေအနေအရ ကြိုတင်တိမ်းရှောင်ကြဖို့ စစ်ရှောင်ကူညီသူတွေက တိုက်တွန်းအသိပေးတာလည်းရှိပါတယ်။

“အရှေ့ဖက်ကမ်းမှာက ရှောင်တဲ့သူကလည်း ရှောင်တယ်။ ကျန်ခဲ့သူလည်း ကျန်တယ်ပေါ့နော်။ လိုင်းပေါ်လည်း တိမ်းရှောင်ကြဖို့ဆိုပြီး ပြောထားတာလည်း တွေ့သေးတယ်။ ဒါပေမယ့် မပြေးတဲ့သူတွေက ပြေးစရာမရှိကြတဲ့အဆုံး အဲ့လိုပုံစံဖြစ်နေတာ။ ထပ်ပြေးစရာနေရာမရှိတော့ လက်နက်ကြီးကျရင်တောင် ရွာထဲပဲ ဆက်နေနေရတယ် အဲ့လိုပေါ့” လို့ အသက် ၂၅ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဖယ်ခုံ၊ မိုးဗြဲ မြို့အတွင်းမှာ စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေပြီး နယ်မြေစိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာကြောင့် အရပ်သားရှိရာနေရာတွေကို လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းနဲ့ ဒရုန်း ဗုံးကြဲတိုက်ခိုက်မှုတွေကို နိုဝင်ဘာလကစပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဖယ်ခုံနဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီအခြေစိုက် တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၃၆)၊ ခမရ (၄၂၁)၊ ခမရ (၄၄၂) တပ်တို့ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။

ကန္တာရဝတီတိုင်း ( မ် )
February 27, 2026
ကရင်နီသူနာပြုများ အစည်းအရုံး (Karenni Nurses Association - KNA) ဥက္ကဋ္ဌအဖြစ်...
February 26, 2026
ကရင်နီပြည် ၊ ဖားဆောင်းမြို့နယ် နဲ့ မယ်စဲ့မြို့နယ်ကို ဆက်သွယ်ထားတဲ့ ဖားဆောင်း ( သံလွင် )...
ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းကို တွေ့ရစဉ် ( ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် ) )
February 25, 2026
အာဆင်းနစ်အဆိပ်သင့်နေတဲ့ ကရင်နီပြည်က သံလွင်မြစ်နဲ့ မိုလိုချောင်းက ရေတွေကို...
February 24, 2026
ကရင်နီပြည်ကြားကာလတရားစီရင်ရေးရဲ့တရားရုံးမှာ ၂၀၂၅ ခုနှစ် တနှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့...