အမ်း နပခ မြေအောက်လိုဏ်ခေါင်းအတွင်းမှ စစ်ကောင်စီအရာရှိတချို့ ပြန်လည်ခုခံမှုများ ရှိနေသေးဟုဆို

အမ်း နပခ မြေအောက်လိုဏ်ခေါင်းအတွင်းမှ စစ်ကောင်စီအရာရှိတချို့ ပြန်လည်ခုခံမှုများ ရှိနေသေးဟုဆို

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းရှိ နေရာအများအပြားကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီဖြစ်သော်လည်း လက်နက်မချသည့် စစ်ကောင်စီတပ် အရာရှိအချို့နှင့် တပ်သားများက ပြန်ခုခံနေ၍ ပွဲမပြတ်သေးဘဲ ဖြစ်နေသေးသည်ဟု သတင်းရရှိသည်။

"နပခ အထဲမှာက သူတို့ ဟိုးအရင်ကတည်းက လိုဏ်ဂူတွေ မြေအောက်စခန်းတွေ ဖောက်ထားတာရှိတယ်။ အခုလက်ကျန်က အဲ့ဒီမြေအောက် ဥမင်လိုဏ်းခေါင်းထဲကနေ  စစ်ကောင်စီတပ်သားအချို့  ပြန်ခုခံနေလို့ တိုက်ပွဲက မပြတ်သေးဘူး။ အဲ့ဒီနေရာတစ်ဝိုက်လောက်ပဲ ကျန်တာ" ဟု ပြောသည်။

အာရက္ခတပ်တော် AA သည် ၎င်းနေရာကို  စစ်ကောင်စီထံမှ သိမ်းဆည်းထားသည့် ဟောင်ဝှစ်ဇာလက်နက်ကြီးနှင့် အတွဲလိုက်ပစ်ဒုံးများဖြင့် ၎င်းနေရာများကို ပစ်ခတ်တိုက်ခိုက်နေသည်ဟု အမ်းဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

"မဲတောင်ဗျူဟာတွေ၊ စကစရဲ့ တပ်တွေက သိမ်းထားတဲ့ လက်နက်တွေနဲ့ AA က ပစ်နေတာတော့ရှိတယ်။ သူတို့ ကြာကြာခံနိုင်မှာမဟုတ်ဘူး" ဟု ပြောသည်။

၎င်းအပြင် နပခ၏ အဆောင်တချို့တွင်ရှိနေသည့် စစ်ကောင်စီတပ်သားများမှာ AA ၏ တိုက်ခိုက်မှုဒဏ်၊ အစာရေစာပြတ်လပ်မှုဒဏ်ကို မခံနိုင်သည့်အတွက် မကြာခဏ လက်နက်ချ အလံဖြူထောင်မှုများလည်းရှိနေသည်ဟု ၎င်းကပြောသည်။

"အဆောင်တွေမှာရှိတဲ့ စစ်သားတွေက ဒီ‌ဇင်ဘာ ၁၄ ရက်နေ့ကဆိုရင် ၃၀ ဟိုတစ်နေ့ကဆိုရင် အယောက် ၅၀ လောက်။ အဲသလို အလံဖြူထောင်ကြတယ်။ အရင်နေ့တွေကလည်း အသုတ်လိုက်စီဝင်လာကြတယ်" ဟု ပြောသည်။

အာရက္ခတပ်တော်သည် အမ်း နပခ ထံမှ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိထားပြီး လက်နက်ချအညံ့ခံလာသူနှင့် ဖမ်းဆီးရမိသူ ရာနှင့်ချီရှိနေကြောင်း သိရသည်။

စစ်ကောင်စီဖက်မှလည်း နပခနှင့် တိုက်ပွဲဖြစ်ပွားသည့် အနီးအနားဝန်းကျင်ကို လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိသဖြင့် အောက်ရွာ၊ မြို့ပေါ်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်မှနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းတချို့လည်း ပြိုပျက်စီးမှုများရှိနေကြောင်း ဒေသခံများကပြောသည်။

အာရက္ခတပ်တော် (AA) က ယနေ့တွင် အမ်းမြို့တွင်တည်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ ပကတိ မြေပြင်အခြေအနေကို ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ပါသည်။

ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလည်း "စောစောအလံဖြူထောင်လျှင် စောစောအသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်" ဟုလည်း အလံဖြူထောင် လက်နက်ချက်ကြရန်လည်း တိုက်တွန်းဖော်ပြထားသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...