NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း  ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

“လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားက ပြောပါတယ်။

လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့ သိရပါတယ်။

“ဒီဘက်မှာကအဓိက ဆိုင်ကယ် ကယ်ရီနဲ့ပဲတင်ကြတယ် ဆိုင်ကယ်တစ်စီးဆို ကုန်ပေါ်မူတည်တယ် နှစ်သောင်းသုံးသောင်းအထိပေးရတယ်”လို့နောက်ထပ် လဟယ်ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။

စစ်ဆေးရေးဂိတ်တွေမှာ အခုလိုအခွန်တွေကောက်ခံလာနေသလို ခရီးသည်တွေကိုလည်းတင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းတာမျိုးလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

လတ်တလောဂိတ်ထိုင်ပြီးအခွန် ကောက်နေတဲ့ NSCN-K အန်းမိုင်းအဖွဲ့ဟာ နဂိုရှိနေတဲ့ NSCN-K ယုန်းအောင်အဖွဲ့ကနေ ခွဲထွက်သွားတဲ့အဖွဲ့ ဖြစ်ပြီး လက်ရှိစစ်ကောင်စီနဲ့အပစ်ရပ်သဘောတူထားသလို စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာတွေလည်းရှိတယ်လို့ သိရပါတယ်။

“အခုအဖွဲ့က အန်းမိုင်းအဖွဲ့ပါ စကစနဲ့အပစ်ရပ်ထားတော့ အခုလိုဂိတ်တွေဘာတွေထိုင်လို့ ရလာနေတာ။ နဂိုယုန်းအောင်အဖွဲ့ကတော့ ဒါမျိုးမရှိဘူး။ ဂိတ်ထိုင်ဘာထိုင်မလုပ်သေးဘူး”လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

နာဂဒေသမှာရပ်တည်နေတဲ့ NSCN-K ယုန်းအောင်အဖွဲ့အနေနဲ့ အခုလိုမျိုးဂိတ်ထိုင်ပြီးအခွန်ကောက်ခံတာမျိုးမရှိပေမယ့် တစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိ အိမ်ထောင်စုတစုကို အခွန်ကျပ် ၂၀၀၀၀ (နှစ်သောင်း) ကောက်ခံတာ၊ အိမ်ထောင်စု တစ်စုကို တပ်သားတစ်ဦးတောင်းခံတာတွေတော့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

NSCN-K ဟာ စစ်အာဏာမသိမ်းမှီကတော့ ဗိုလ်ချုပ်ယုန်းအောင်ဦးဆောင်မှုနဲ့ NSCN-K ယန်းအောင်အဖွဲ့တစ်ခုတည်းသာရှိခဲ့ပြီး ၂၀၂၃ နှစ်ဆန်းပိုင်းကနေတော့NSCN-Kရဲ့ ဒုဗိုလ်ချုပ်အန်းမိုင်းဟာ ဗိုလ်ချုပ် ယုန်းအောင်ကိုဆန့်ကျင်ပြီး NSCN-K အန်းမိုင်းဆိုပြီးခွဲထွက်သွားရာကနေ လက်ရှိ NSCN-K ဆိုပြီး နှစ်ဖွဲ့ကွဲနေတာ ဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...
ဓာတ်ပုံ - (စစ်ရေးတင်းမာမှုများကြောင့် ပူတာအိုမြို့ဘက်သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသည့် စစ်ဘေး ရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဒေသဘက်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - Crd (စစ်အုပ်စု၏ စစ်ရိက္ခာတင် စစ်သင်္ဘောအား တွေ့ရစဉ် - ပုံဟောင်း)
August 25, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဦးတည်ဆန်တက်လာသည့် စစ်တပ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ် စစ်ကြောင်းတစ်ခုအား တွေ့ရစဉ် / ပုံဟောင်း - Crd)
August 24, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်၊ မြစ်ဆုံစီမံကိန်း နေရာတစ်ဝိုက်သို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ စစ်ကား...