RSO အဖွဲ့ ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

RSO အဖွဲ့ ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ် - မောင်တောနယ်စပ်၌ လုံခြုံရေးဆောင်ရွက်နေသည့် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို RSO အဖွဲ့က ချောင်းမြောင်း ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိသွားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

နိုဝင်ဘာ ၃ ရက်နေ့က နတ်မြစ်ကြောင်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ် ပိုင်နက်ရေပြင် နတ်မြစ်တစ်ဖက်ခြမ်းရှိ ဂျာလီယာကျွန်း (Jaliadwip) နားသို့ အရောက်တွင် RSO အဖွဲ့က ဂျာလီယာကျွန်းမှ မော်တော်ဘုတ်တစ်စီးဖြင့် ထွက်လာပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်အတွင်း AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိသွားပြီး RSO တပ်ဖွဲ့ဝင်များမှာ ဂျာလီယာကျွန်းသို့ ပြန်လည်တက်ရောက်သွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ယင်းအပြင် နိုဝင်ဘာ ၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်ကလည်း နတ်မြစ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် AA တပ်ဖွဲ့ဝင်များအား RSO အဖွဲ့က ဂျာလီယာကျွန်းမှနေ၍ သေနတ်ဖြင့် အချက် ၅၀ ခန့် လှမ်းပစ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ နခခ(၅) တပ်စခန်းမှလွဲ၍ နယ်မြေအားလုံးနီးပါးကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော်(AA)က ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေစဉ် တိုက်ခိုက်ခဲ့ရခြင်းလည်း ဖြစ်သည်။

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက “RSO, ARSA, ARA စတဲ့ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေက AA တပ်ဖွဲ့ဝင်တွေမှ မဟုတ်၊ သာမန် အပြစ်မဲ့ အရပ်ပြည်သူတွေကိုပါ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေ လုပ်လာတာ အခါပေါင်းများစွာ ရှိနေပါပြီ။ ဒီအဖွဲ့တွေကြောင့် ဒေသခံပြည်သူတွေ ကျီးလန့်စာစား ဖြစ်နေကြရတယ်။ အထူးသဖြင့် စစ်ကောင်စီက သူတို့ကို လက်နက်တပ်ဆင်ပေးတဲ့နောက်မှာ ပို လက်ရဲဇက်ရဲ ကျုးလွန်လာတာလည်း ဖြစ်တယ်။ တစ်ဖက် ဘဂ်လားဒေ့ရှ်နိုင်ငံ အာဏာပိုင်တွေကလည်း မသိကျိုးကျွံပြုမနေဘဲ၊ တင်းတင်းကျပ်ကျပ် လုပ်ဖို့ လိုနေပါတယ်” ဟု သုံးသပ်သည်။

နယ်စပ်တွင် လက်ရှိဖြစ်ပျက်နေသည့် ကိစ္စရပ်များမှာ နိုဘယ်ဆုရှင်ဒေါက် တာမူဟာမက် ယူနွတ် ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်အစိုးရသစ်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနေပြီး နိုင်ငံ့ခေါင်းဆောင် အပြောင်းအလဲကာလအတွင်း နယ်စပ်၌ ဖြစ်ပျက်နေသည့်ကိစ္စရပ်များအား အထူးဂရုစိုက်ရန် လိုအပ်ကြောင်း နိုင်ငံတကာ နိုင်ငံရေးလေ့လာသူများကြား သုံးသပ်မှုများလည်း ရှိနေသည်။

 

RSO အဖွဲ့သည် ဂျာလီယာကျွန်း (Jaliadwip) တွင် ခိုအောင်းနေပြီး လူအင်အား၊ လက်နက်အင်အားများ စုဆောင်းကာ AA လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်းပစ်ခတ်ခြင်းကို မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

RSO အပြင် စစ်ကောင်စီနှင့်ပူးပေါင်းနေသော တခြားသော မွတ်ဆလင်လက်နက်ကိုင် ARSA, ARA အဖွဲ့တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုင်နက်ရေပြင် နတ်မြစ်ဖက်တစ်ဖက်ခြမ်းနှင့် ဂျာလီယာကျွန်း (Jaliadwip) ကို အဓိက အသုံးပြုကာ ရခိုင်ဒေသခံများအား အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို မကြာခဏဆိုသလို ကျူးလွန်လျက်ရှိကြောင်း ဒေသခံများက ပြောကြသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များဖြစ်သော RSO, ARSA, ARA တို့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ရခိုင်ဒေသခံ အပြစ်မဲ့အရပ်သား (၂၂) ဦးထက်မနည်း သေဆုံးခဲ့ရပြီး၊ (၆) ဦးဒဏ်ရာရကာ၊ နောက်ထပ် (၄၆) ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

ပုံစာ - ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း၊ ဂျာလီယာကျွန်းအနီး၊ နတ်မြစ်ကြောင်းထဲ၌ RSO တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ (၁) ရက်နေ့က တွေ့ရစဉ်။

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...