ပြည်မရောက်ရခိုင်များ ပြည်ပနိုင်ငံများသို့ အလုံးအရင်း ထွက်ခွာနေကြ

ပြည်မရောက်ရခိုင်များ ပြည်ပနိုင်ငံများသို့ အလုံးအရင်း ထွက်ခွာနေကြ
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုကြောင့် အာဏာပိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ။  ဓာတ်ပုံ - မြဝတီ&မဲဆောက်မီဒီယာ
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုကြောင့် အာဏာပိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ။ ဓာတ်ပုံ - မြဝတီ&မဲဆောက်မီဒီယာ

ပြည်မဒေသအသီးအသီး၌ ရောက်ရှိနေကြသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်ပနိုင်ငံများသို့ အလုံးအရင်းဖြင့် ထွက်ခွာနေကြသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

စစ်ကောင်စီက အရပ်သားများအပေါ် ပစ်မှတ်ထားကာ ဖမ်းဆီးမှုများ ပိုမိုလုပ်လာခြင်း၊ ဧည့်စာရင်းအကြောင်းပြ ခေါ်ယူစစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ယူခြင်းများ ပြုလုပ်နေ၍ ရခိုင်ပြည်ပြင်ပသို့ ရောက်ရှိနေသူများမှာ လုံခြုံရေးစိုးရိမ်ချက်များ ရှိလာနေသည်။

ထို့ကြောင့် ရခိုင်ဒေသခံများမှာ စက်ရုံအလုပ်ရုံများတွင် လုပ်ကိုင်ရန် အဆင်မပြေတော့သလို မိမိဒေသသို့ ပြန်လာရန်အတွက်လည်း အခက်အခဲများရှိနေ၍ ပြည်ပနိုင်ငံများသို့သာ ထွက်ခွာနေကြခြင်းဖြစ်သည်။

ရန်ကုန်မှ မလေးရှားနိုင်ငံသို့ ထွက်ခွာသွားသူ ပေါက်တောမြို့နယ်မှ အမျိုးသမီးတစ်ဦးက “ကျမတို့လုပ်တဲ့ စက်ရုံမှာဆိုရင် အလုပ်သမားလည်း သိပ်မရှိတော့ဘူး။ မကြာခဏ လာရောက်စစ်ဆေးတာတွေရှိတော့ စစ်မှုထမ်းခေါ်မှာ ကြောက်ပြီး အလုပ်ထွက်ကုန်ကြတယ်။ ကျမတို့လည်း နေရတာ မလုံခြုံသလို ခံစားလာရတယ်။ ရွာပြန်မယ်ဆိုရင်လည်း လာလို့မရ၊ ရရင်လည်း အလုပ်မရှိ။ ကိုယ့်ဒေသမှာ မိသားစုတွေ အခက်ခက်ကြုံနေရတာကြားတော့ ပိုက်ဆံထောက်ပံ့နိုင်ဖို့အတွက်ပဲ စဉ်းစားမိတယ်။ ဒါကြောင့် ပြည်ပကို ထွက်ဖို့ဆုံးဖြတ်လိုက်တာ” ဟု ပြောသည်။

ပြည်ပထွက်ခွာသူများထဲတွင် ရခိုင်ပြည် ပေါက်တော၊ ရသေ့တောင်၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် ဂွမြို့နယ်တို့မှ ပြည်မရောက် ရခိုင်များဖြစ်ကြပြီး သံတွဲ၊ ဂွနှင့် ကျောက်ဖြူမြို့နယ်တို့မှ အများဆုံးဖြစ်သည်။

ထိုင်းနိုင်ငံအခြေစိုက် ရခိုင်အလုပ်သမားအဖွဲ့ (AWO) မှ ဒါရိုက်တာ ဦးနိုင်အောင်အောင်က “အရင်တုန်းက သိပ်မရောက်တဲ့ သံတွဲ၊ ဂွဘက်ကလူတွေ တော်တော်များများ ဝင်လာတာတွေ့ရတယ်။ ကျောက်ဖြူ၊ တောင်ကုတ်တို့ဘက်ကလည်း တော်တော်များများ လာကြတယ်။ အများစုကတော့ အလုပ်အကိုင် အဆင်မပြေတာတွေကြောင့်လာကြတာ” ဟု ပြောသည်။

ရခိုင်ဒေသခံများမှာ ထိုင်း၊ မလေးနှင့် တရုတ်နိုင်ငံများသို့ အများအပြားထွက်ခွာကြပြီး ပျမ်းမျှအားဖြင့် တစ်နေ့လျှင် ပြည်ပထွက်ခွာသူ လူ ၇၀ မှ ၁၀၀ ကြားရှိပြီး တရားမဝင်လမ်းကြောင်းဖြင့် အများဆုံးသွားကြကာ တရားဝင် သွားရောက်သူများလည်း ရှိသည်။

သို့သော်လည်း အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာကြသူများမှာ အလုပ်အကိုင်ရရှိရန် အခက်အခဲရှိနေကြပြီး လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြသည်။

“ကိုယ့်နေရာကိုလည်း ပြန်မရ၊ ရန်ကုန်မှာလည်း အလုပ်ရှာမရတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီးတော့ ထိုင်းရောက်လာတာ။ အထောက်အထားတွေ မရှိတော့ အလုပ်ရှာမရသေးဘူး။ ဒီက အလုပ်သမားအဖွဲ့တွေကိုတော့ အကူအညီတောင်းထားတယ်” ဟု ကျောက်ဖြူမြို့နယ်မှ ကိုလင်းစိုးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူများပေါ် ဖမ်းဆီးမှုများ၊ စီးပွားကျဆင်းလာမှုနှင့်အတူ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာမှုတို့ကြောင့် ပြည်ပထွက်ခွာမှုနှုန်းမှာလည်း မြင့်တက်နေဆဲဖြစ်သည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၅) သိန်းကျော်ရှိပြီး မလေး၊ တရုတ်နိုင်ငံများတွင်လည်း ရွှေ့ပြောင်းမြန်မာအလုပ်သမား အများအပြားရှိနေသည်။

AA သိမ်းပိုက်ပြီးနောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk
June 3, 2026
စစ်အုပ်စုသည် ရခိုင်ပြည် အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်...
၂၀၂၅၊ ဩဂုတ်လအတွင်း မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။ ဓာတ်ပုံ - DMG
June 1, 2026
ရခိုင်ပြည်အတွင်း အာဏာသိမ်းစစ်တပ်က အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများကို လေကြောင်းနှင့်...
မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...