အာဇာနည်ကြီးများနှင့် မဆုံးသေးသည့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အာဇာနည်နေ့အပေါ်မှာထားတဲ့ သဘောတရားကတော့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ကြည့်လိုက်မယ်ဆိုရင် ကျဆုံးသွားတဲ့ ခေါင်းဆောင်တွေဟာ စုပေါင်းပြီးတော့ ကျွန်မတို့လိုချင်တဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံတော်ကို ကိုယ်စားပြုတယ်လို့ ပြောလို့ရပါတယ်။ လူမျိုး၊ ဘာသာပေါင်းစုံ အားလုံးဟာ နိုင်ငံရေး အယူဝါဒ တစ်ထပ်တည်း မဟုတ်သေးပေမယ့်လည်း လွတ်လပ်ပြီးတော့ တကယ့်ဒီမိုကရေစီကျတဲ့ နိုင်ငံတော် ကိုထူထောင်ဖို့လိုလားတဲ့နေရာမှာ အားလုံးက တစ်စိတ်တစ်ဝမ်းထဲဖြစ်ပါတယ်။ အဲဒီလိုပဲ စုပေါင်းပြီးတော့ လွတ်လပ်ရေးရရှိဖို့အတွက် ပြုလုပ်ခဲ့ကြတာပါ။
ပြည်သူကိုပဲ ဘယ်တော့မှ ပုံချတဲ့ အလုပ်မျိုး မလုပ်ပါဘူး
လွတ်လပ်ရေးမရခင်ပဲ တာဝန်မပြီးဆုံးခင်မှာပင်ကျဆုံးသွားရလို့ ကျန်တဲ့သူတွေဆီမှာ တာဝန်ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ယူပါတယ်။ ဒီတာဝန်ကို ကျေပွန်ဖို့ ဒီပါတီကိုပဲ တည်ထောင်ထားတာပါ။ အခုဒီပါတီကနေပြီးတော့ ရွေးကောက်ပွဲကိုထပ်ပြီးတော့ ယှဉ်ပြိုင်မယ်ဆိုတာက ကျွန်မတို့မှာ တာဝန်ရှိတယ်၊ လုပ်သင့်လုပ်ထိုက်တယ်လို့ထင်လို့ လုပ်တာပါ။ ကျွန်မတို့က ကျွန်မတို့ကို ပြည်သူက တောင်းဆိုလို့၊ ပြည်သူကဆန္ဒရှိလို့ဆိုတဲ့ အကြောင်းတွေ မပြပါဘူး။ ကျွန်မတို့မှာ တာဝန်ရှိတယ်လို့ ထင်လို့ ကျွန်မတို့လုပ်မှာ ဖြစ်ပါတယ်။ ပြည်သူကိုပဲ ဘယ်တော့မှ ပုံချတဲ့အလုပ်မျိုး မလုပ်ပါဘူး။ ပြည်သူကတစ်ကယ်ပဲ လိုလားသလား တောင်းခံသလားဆိုတာ ရွေးကောက်ပွဲပြီးမှ အဖြေကပေါ်မှာပါ။ ရွေးကောက်ပွဲမတိုင်မီကာလမှာ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်၊ ယုံကြည်ချက်ကို ချပြမှာဖြစ်ပါတယ်။
အာဇာနည်စိတ်ဓါတ်
အာဇာနည်နေ့နဲ့ ပက်သက်လို့ရှိရင် တစ်ကယ်နိုင်ငံပေါ်မှာ စေတနာရှိတဲ့ ပုဂ္ဂိုလ်အားလုံးဟာ အာဇာနည် ဖြစ်နိုင်တဲ့ စိတ်ဓါတ်တွေရှိပါတယ်။ အာဇာနည်ဖြစ်တယ်ဆိုတာ၊ အသက်ကို စွန့်လွှတ်တာကို ပြောလိုတာ မဟုတ်ပါဘူး။ အာဇာနည်စိတ်ဓါတ်ကို အမှန်တကယ်မွေးတာကို ပြောလိုတာ ဖြစ်ပါတယ်။ အာဇာနည်ဆိုတဲ့ စကားလုံးကတော့ သက္ကတ ဘာသာကလာတဲ့ အမျိုးကောင်းတယ် မြတ်တယ် ဆိုတာကိုဆိုလိုတာပါ။ ဒါပေမယ့် ကျွန်မတို့နိုင်ငံမှာ သုံးတဲ့ဟာကတော့ မျိုးရိုးကိုဆိုလိုတာ မဟုတ်ပါဘူး။ စိတ်ဓါတ်နဲ့ အကျင့်သီလကို ဆိုလိုတာ၊ သတ်မှတ်တာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့နိုင်ငံမှာဆိုရင် အာဇာနည်တွေ အများကြီးရှိနိုင်တယ်။ ၅၂သန်း ဆိုရင် ၅၂သန်းလုံး သော အာဇာနည်တွေဖြစ်နိုင်တယ်။ ကိုယ့်ရဲ့စိတ်ဓါတ်ကို တကယ့်ကို လွတ်လပ်သော လူထူအတွက် ပြည်ထောင်မြန်မာနိုင်ငံတော်ထူထောင်ရေးအတွက် သုံးသွားမယ်ဆိုရင် အားလုံးဟာအာဇာနည် တွေပဲလို့ပြောလို့ ရပါတယ်။ အာဇာနည်နေ့မှာဆိုရင် ကိုယ်ကိုယ်တိုင်က အာဇာနည်ကြီးတွေအပေါ် ဘယ်လောက် သစ္စာရှိလဲ၊ လေးစားလဲ၊ သိချင်ရင် ကိုယ့်အာဇာနည်စိတ်ဓါတ်ဘယ်လောက်ရှိလဲ ဆိုတာကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ တကယ်လေးစားတန်ဖိုးထားရင် ကိုယ်ကိုတိုင်က ဒီလိုစိတ်ဓါတ်တွေရှိဖို့ ကြိုးစားရပါလိမ့်မယ်။
အာဇာနည်တွေရဲ့ ချမ်းသာမှု
ကျွန်မတို့ အာဇာနည်ခေါင်းဆောင်ကြီးများဟာ နေရာ၊ ရာထူး၊ ချမ်းသာဖို့အတွက် လုပ်သွားတဲ့သူတွေ မဟုတ်ပါဘူး။ အာဇာနည်ခေါင်းဆောင်ကြီးတွေမှာ တစ်ယောက်မှ ချမ်းသာတဲ့သူဆိုတာ မရှိခဲ့ပါဘူး။ အဲဒါဟာ သူတို့ရဲ့ ချမ်းသာမှုဟာ ပြည်သူ့ရဲ့ ချမ်းသာမှုပဲ၊ ပြည်သူတွေတိုးတက်မယ်၊ တိုးတက်နိုင်မယ့် လွတ်လပ်တဲ့ ပြည်ထောင်စုကို ထူထောင်နိုင်မယ်ဆိုရင် ဒါဟာအာဇာနည်တွေရဲ့ ချမ်းသာမှုဟာပဲလို့ ဒီလိုပဲ စိတ်ထားခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီလိုစိတ်ဓါတ်မျိုး ထားဖို့ ကြိုးစားရပါမယ်။ ကျွန်မတို့အင်အားဟာ ရာထူး၊ အာဏာ ရဖို့မဟုတ်ပါဘူး။ ဒီရာထူး၊ အာဏာရရခဲ့လို့ ရှိရင် အများပြည်သူအတွက် ဘယ်လိုသုံးစွဲမလဲဆိုတာ မှန်မှန် ကန်ကန်ဆင်ခြင်နိုင်တာ အာဇာနည် စိတ်ဓါတ်ဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရခြင်းရည်ရွယ်ချက် နှင့် အကျိုးမျှော်ကိုးသူများ လက်မခံခြင်း
ကျွန်မတို့ဟာ ရာထူး၊ အာဏာလိုချင်လားဆိုရင် စောစောကတည်းက ပြောခဲ့ပါတယ်။ ဒီမိုကရေစီ နိုင်ငံရေးအရ ပြည်သူ့အကျိုး ထမ်းဆောင်ဖို့ဆိုရင် တရားဝင် ရာထူး၊ အာဏာရှိမှ လုပ်လို့ရတာပါ။ တရားမဝင်နဲ့ အုပ်ချုပ်ရေးထဲမှာ စွက်ဖက်မယ်ဆိုရင် နိုင်ငံရဲ့ တည်ငြိမ်းရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ်လို့ ပြောဆိုခြင်းဟာ ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ ဒီနိုင်ငံကို တိုးတက်၊ ညီညွတ်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်။ အများပြည်သူအတွက် တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ခု ထူထောင်မယ်လို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဝင်ရင် ဘယ်လောက် ရာခိုင်နှုန်းလိုလဲ မေးပါတယ်။ ကျွန်မကတော့ တစ်ရာရာခိုင်နှုန်းပဲလို့ ပြောပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ ကျွန်မတို့ အင်အားရှိလေ နိုင်ငံအင်အားရှိလေလို့ ဖြစ်ရပါလိမ့်မယ်။ ကျွန်မတို့ဟာ အင်အားရှိလေ တစ်ဦးခြင်း၊ တစ်ဦးခြင်း ချမ်းသာလေဆိုတဲ့သူတွေတော့ အခုကတည်းက အဖွဲ့ချုပ်နားကို မကပ်ပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။
အာဇာနည်ခေါင်းဆောင်ကြီးများ၏ အမွေ နှင့် နိုင်ငံအကျိုးပြုနိုင်ခြင်း
အာဇာနည် ခေါင်းဆောင်တွေထားခဲ့တဲ့ အမွေအနှစ်က စိတ်ဓါတ်ပဲဖြစ်ပါတယ်။ အာဇာနည်စိတ်ဓါတ် တင်မက နိုင်ငံအခက်အခဲနဲ့ တွေ့ကြုံနေရတဲ့အခါမှာ ငါတို့မှာ ဒီလိုလမ်းစတွေရှိခဲ့တယ်ဆိုတဲ့ အင်အား ယူလို့ ရပါတယ်။ ဒီလိုအင်အား တွေကြောင့်အခက်အခဲတွေအများကြီးကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူတွေ အားပေးနေတာ အခုထိ အာဇာနည်းခေါင်းဆောင်တွေပေးတဲ့ အင်အားဆိုတာ မမှားပါဘူး။ ကျွန်မအကျယ်ချုပ်က လွတ်လာပြီးတဲ့အချိန်မှာ ပထမဦးဆုံးတက်တဲ့ အာဇာနည်နေ့မှာပဲ အာဇာနည်အကြောင်းတွေပါတဲ့ ဆောင်းပါးတွေအရမ်း ရောင်းကောင်းတယ်။ အဲဒီတုန်းက ဂျာနယ် ရောင်းတဲ့ အမျိုးသမီးတစ်ဦးပြောတာကို အမြဲမှတ်မိနေတယ်။ ဗိုလ်ချုပ်က ကျွန်မတို့ကို အခုထိ ထမင်း ကျွေးထားတာတဲ့၊ ဗိုလ်ချုပ်အကြောင်းပါတဲ့ ဆောင်းပါးတွေကို ရောင်းကောင်းတာပဲတဲ့၊ ကျွန်မသိပ် သဘောကျတာပဲ၊ သာမန်ပြည်သူတစ်ဦးက ဖေဖေအကြောင်းပါတဲ့ ဆောင်းပါးတွေ ရောင်းလို့ရတယ် ဆိုတာ၊ စီးပွားရေးကောင်းတယ်ဆိုတာကို သဘောကျတယ်။ ဒီလိုပဲ ဖြစ်စေချင်တယ်။ ကိုယ့်နိုင်ငံ အတွက် ဘယ်နေရာကနေပဲဖြစ်ဖြစ် အကျိုးပြုနိုင်တယ်ဆိုရင် ဂုဏ်ယူစရာပါပဲ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း ဒီလိုစိတ်ဓါတ်ပဲထားစေချင်တယ်။ ပြည်သူတွေကိုအကျိုးပြုနိုင်ရင် ဂုဏ်ယူစရာပါပဲ။
ပြည်သူ့အတွက်မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ် အကောင်ထည်ဖော်ပေးလိုခြင်း
ကျွန်မတို့ဟာ နှစ်ပေါင်းများစွာ ပင်ပန်းခံတဲ့နည်းနဲ့ ကျွန်မတို့ ပြည်သူတွေကို အကျိုးပြုခဲ့တယ်လို့ ယူဆပါတယ်။ နောက်ဆက်ပြီးတော့ ပြည်သူတွေကို မှန်ကန်တဲ့အုပ်ချုပ်ရေးစနစ်တစ်ခု အကောင် အထည်ဖော်ပေးတဲ့ နည်းနဲ့ အကျိုးပြုချင်ပါတယ်။ အဲဒီလိုအကျိုးပြုချင်လို့ ရွေးကောက်ပွဲကို ဝင်မယ်လို့ ဆုံးဖြတ်ခဲ့တာပါပဲ။
ပြောင်းလဲသင့်တာကို အမြန်ဆုံး မပြောင်းလဲရင် ပြည်သူတွေ ဆက်ပြီးဆင်းရဲမယ်
ခုနက ဘဘဦးတင်ဦးပြောခဲ့သလိုပဲ ကျွန်မတို့ဆောင်ပုဒ်က ပြောင်းလဲချိန်တန်ပြီဆိုတာကို လူတိုင်းလည်း သဘောတူမယ်လို့ ထင်ပါတယ်။ ကျွန်မတို့ပြောင်းလဲမှ ဒီနိုင်ငံဟာတိုးတက်မှာပါ။ ပြောင်းလဲသယောင် မပြောင်းလဲသယောင်ယောင်နဲ့ အရင်ပုံစံအတိုင်းဆက်သွားနေရင်တော့ ပြည်သူ တွေက အရင်အတိုင်းပဲ ဆက်ပြီးဆင်းရဲနေမှာဖြစ်ပါတယ်။ ဒါကြောင့် ပြောင်းလဲသင့်တာကို မြန်မြန် ဆန်ဆန် မှန်မှန်ကန် ပြောင်းလဲရမယ်။
ပြောင်းလဲရမှာနဲ့ မပြောင်းလဲရမယ့်အချက်များ
ဒါပေမယ့် မပြောင်းလဲမှုတစ်ခုက ဘာလဲဆိုရင်တော့ ကျွန်မတို့နိုင်ငံရဲ့ တကယ့်စစ်မှန်တဲ့ ခေါင်းဆောင်များ၊ စံပြခေါင်းဆောင်များနဲ့ ပက်သက်တဲ့ အာဇာနည်ကြီးတွေအပေါ်ထားတဲ့ ကျေးဇူးတရားများဟာ ဘယ်တော့မှ မပြောင်းလဲသင့်ပါဘူးလို့ပြောချင်ပါတယ်။ အဖွဲ့ချုပ်ကတော့ ဘယ်တော့မှ မပြောင်းလဲရမယ့် တည်တံ့ခိုင်မြဲတဲ့ တန်ဖိုးတွေကို ခိုင်ခိုင်မြဲမြဲဆုပ်ကိုင်ပြီး ပြောင်းလဲ သင့်တဲ့ ကိစ္စတွေကို ပြည်သူအများအတွက် ကျိုးစားသွားပါ့မယ်လို့ပြောရင်း အာဇာနည်စိတ်ဓါတ်ရှိသူ များနဲ့ အာဇာနည်ခေါင်းဆောင်များကို အလေးပြုပါတယ်။







