ခေါပုတ် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူများပြားပြီး လက်နက်ပေါင်း ၁၀၀ ကျော် သိမ်းဆည်းရမိ

ခေါပုတ် စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲအတွင်း တပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူများပြားပြီး လက်နက်ပေါင်း ၁၀၀ ကျော် သိမ်းဆည်းရမိ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ် စခန်းသိမ်းတိုက်ပွဲတွင် ဒုတပ်ရင်းမှူးအဆင့်အပါအဝင် သေဆုံးသူများပြားပြီး လက်နက်ကြီး၊ လက်နက် ငယ် စုစုပေါင်း ၁၀၀ ကျော်သိမ်းဆည်းရမိကြောင်း KNU စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

တပ်ဖွဲ့ဝင်အင်အား ၁၂၀ ကျော်ရှိ အဆိုပါ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၉ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ထိုစခန်းကိုဝင်ရောက်စီးနင်းစဥ် စနိုက်ပါနှင့် ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုများကြောင့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးမှာ ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ၍ သေဆုံးခဲ့သည်ဟု ထိုစစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ကျနော်တို့ စခန်းကို တက်တိုက်တဲ့အခါမှာ သူတို့ အင်အားက ၈၀ လောက်ပဲရှိမယ်။ တက်တိုက် တဲ့ အခါမှာ တပ်ရင်းမှူးကော၊ ဒုရင်းမှူးကော ၂ ယောက်စလုံးသေသွားတယ်။ စခန်းမှာ သေတာက အ ယောက် ၁၀ ကျော်တယ်။ ”ဟု KNLA တပ်မဟာ ၅ စစ်ရေးသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်မှ ဒု-တပ်ရင်းမှူး (၃) ဦးရှိသည့်အနက် သေဆုံးသည့် ဒု-တပ်ရင်းမှူးမှာ ဒရုန်းဗုံး အစထိ မှန်၍ မျက်စိနှစ်ဖက်နှင့် ရင်ဘတ်၊ ဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာ၊ တပ်ရင်းမှူးမှာ စနိုက်ပါထိမှန်မှုကြောင့် ကြောနှင့်ဝမ်းဗိုက်ပေါက်ထွက် ဒဏ်ရာများရရှိသေဆုံးခဲ့ကြောင်း KNLA ဘက်က ပြောသည်။

ရှေ့တန်းစစ်မျက်နှာပြင်ရှိ KNLA အရာရှိတစ်ဦးကလည်း “သေတာတော်တော်များတယ်။ အားလုံးပေါင်း အင်အားက ၁၂၀ လောက်ရှိတာကိုး။ တပ်ရင်းမှူးကိုက စနိုက်ပါနဲ့ပစ်ထားတာ ကြောကနေဖောက်ပြီး ဗိုက်ပေါက်တဲ့ဒဏ်ရာရော၊ ဒုရင်းမှူး တစ်ယောက်ကလည်း ဒရုန်းမိထားတာ မျက်စိနှစ်လုံးလုံးထိထားပြီး ဒရုန်းအစတွေက ရင်ဘတ်တို့ ဗိုက်တို့ကိုဖောက်ဝင်ထားတာရှိတယ်။ ထွက်ပြေး လွတ်မြောက်သွားတဲ့သူ တွေလည်းရှိတယ်။” ဟု ပြောသည်။

ခေါပုတ်တပ်စခန်းကိုရရှိပြီးနောက်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ ကျော်နှင့် ခဲယမ်းမီးကျောက်အများအပြား သိမ်းဆည်းရမိသလို လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက် နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ရှာဖွေရှင်းလင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း KNLA တပ်မဟာ (၅) သတင်းအရင်းအမြစ်က ဆိုသည်။

သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်းများအား အကာအကွယ်ပြု လုပ်ထား ပေးပြီး အခြေခံအကျဆုံးဖြစ်သော ခေါပုတ်စခန်းကို စစ်တပ်က လက်လွှတ် ဆုံးရှုံးခဲ့ရခြင်းဖြစ် သည်ဟုလည်း တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က မှတ်ချက်ပြုသည်။

ထို့အတူ ခေါပုတ်စခန်းကျပြီးနောက် KNLA ပူးပေါင်းတပ်၏ လက်ရှိ ပိတ်ဆို့မှုခံနေရသော ဖာပွန်ဗျူဟာ စခန်းအနေဖြင့် အခက်အခဲကြုံလာနိုင်သည်ဟုလည်း ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ပြောသည်။

ယခုနှစ် မတ်လကစ၍ KNU တပ်မဟာ(၅) ပူးပေါင်းတပ်ဖွဲ့မှ ဖာပွန်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည်တွင် မြို့နှင့် စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ဖာပွန်မြို့ရှိ စစ်ကောင်စီဗျူဟာအပါအဝင် စခန်းအနည်းငယ်သာ ဆက်လက်သိမ်းပိုက်ရန် ကျန်ရှိသည်။

Most read this week

July 24, 2026
ကော်သူးလေဒေသအတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပဋိပက္ခအခြေအနေ...
July 24, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ ကျောက်ခက်ဒေသမှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)...
July 23, 2026
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် မြန်မာနိုင်ငံသို့တရားမဝင်သွင်းမည့် စွမ်းရည်မြင့် (FPV)...
July 22, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူးနှင့် မင်းလက်ပံဒေသများတွင် တိုက်ပွဲများအတွင်း အထိနာနေသည့်...