ရှမ်းမြောက် ဗုံးကြဲမှု ပိုစိတ်လာ

ရှမ်းမြောက် ဗုံးကြဲမှု ပိုစိတ်လာ

စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင် နောင်ချို နှင့် နမ့်ဆန်မြို့နယ်ထဲ လေကြောင်း ဗုံးကြဲမှုများ ယခုရက်ပိုင်းထဲ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး အောက်တိုဘာလ ၂၂ ရက်နေ့၊ ည ၁၂ နာရီဝန်းကျင်အချိန်က ဝေဟင်မှ ဗုံးလုံး ထပ်မံ ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီ လက်အောက်ခံ သတင်းပေးသူများကြောင့် လာရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ မန်ဆူဘုရားအနီးကို  စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခဲ့ခြင်း ဖြစ်သည်ဟု လားရှိုးဒေသခံ  အမျိုးသားတစ်ဦးက ပြောသည်။

“ည ၁၂ နာရီအချိန်မှာ လေယာဉ်နဲ့ ဗုံးနှစ်လုံးကြဲတာ။ ထိတာကတော့ လူနေအိမ်နှစ်လုံးကတော့ အရမ်းထိ သွား တယ်။ ဘေးပတ်ဝန်းကျင်က အိမ်တွေလည်း ထိတယ်။ နည်းနည်းစီပေါ့နော်။ အခုကပြောရမယ်ဆိုရင် အဓိက တော့ ဒလန် သတင်းပေးတွေကြောင့် ဗုံးကြဲတာဖြစ်တယ်။“

လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်နေသောကြောင့် နေရပ်ပြန် နိုင်သေးသူ အများအပြား ရှိနေပြီး ထပ်မံ၍ မြို့မှပြန်လည်စွန့်ခွာသူများလည်း ရှိနေသည်။

လားရှိုးမြို့မှ ထွက်ခွာလာသူ တစ်ဦးက “မီးက ကောင်းကောင်းတောင် ပြန်မရသေးဘူး လေယာဉ်ပြန်ကြဲတော့ ပြန်ပျက်သွားတယ်။ ရေလည်း သိပ်အဆင်မပြေဘူး။ အလုပ်အကိုင်တွေ မရှိ။ ကုန်ဈေးနှုန်းတွေကကြီးတယ်။ သူခိုးတွေလဲ ပြန်သောင်းကျန်းလာတော့ နေလို့ အခက်အခဲတွေ ဖြစ်လာတယ်။ ပြန်လာတဲ့သူ တစ်ချို့တွေ ပြန်ထွက်သွားတယ်” ဟု ပြောသည်။

ကိုးကန့်တပ် MNDAA က လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၂၀ ရှိပြီး ဖြစ်ပြီး အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများထဲ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ရုံးများ၊ ဈေးနှင့် လူနေရပ်ကွက်များကို တိုက်ခိုက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ကျော်ရှိပြီး (၁၃)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။

နောင်ချိုမြို့နှင့် နမ့်ဆန်မြို့နယ်တို့ကိုလည်း အောက်တိုဘာလ ၂၁ ရက်နေ့၊ နံနက် ၁ နာရီကျော် အချိန်က စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) ဗုံး (၂)လုံး အပါအဝင်၊ ဗုံး (၈) လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။

အဆိုပါ ဗုံးကြဲမှုထဲ နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၉ ရက်နေ့၊ နံနက်အစောပိုင်း အချိန်တွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ကို ဂျက် ဖိုက်တာဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ (၄)ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။သီတင်းကျွတ်လပြည့်ညလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

March 30, 2026
မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ကိုင်ပေးနေသော Synpex Shwe (SS) ကုမ္ပဏီသည်...
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ရန်ကုန် ရန်ကင်း (Facebook)
March 28, 2026
နိုင်ငံကူးလက်မှတ် ဥပဒေသစ်ဖြင့် နိုင်ကျဉ်းဟောင်းများကို စစ်ကော်မရှင်က...
Indaw Revolution (IR)
March 26, 2026
လူပေါင်း ၈၀ ခန့် သေဆုံးခဲ့ရသည့် တိုက်ခိုက်မှု နောက်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့တွင်...
ဓာတ်ပုံ - (ပုံဟောင်း)
March 25, 2026
ရှမ်းမြောက် နမ့်ခမ်းမှ ကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားပြီး ၁၀၅ မိုင်တွင်လည်း...