သေ့ဘော်ဘိုးရှိ ကာကင်းစခန်း ၃ ခုကို စစ်ကောင်စီစွန့်ခွာ ထွက်ပြေး

သေ့ဘော်ဘိုးရှိ ကာကင်းစခန်း ၃ ခုကို စစ်ကောင်စီစွန့်ခွာ ထွက်ပြေး

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို  စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းတွင် စွန့်ခွာ ထွက်ပြေးသွားပြီးနောက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက စခန်းရှင်းလင်း သိမ်းပိုက်လိုက်သည်။  

အဆိုပါ ကာကင်းစခန်းများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၈၀ ထက်မနည်းရှိပြီး KNLA ပူးပေါင်းတပ်များ စခန်းကို ဝန်းရံပိတ်ဆို့ တိုက်ခိုက်ခြင်း မရှိသော်လည်း ယမန်နေ့ ညပိုင်းတွင် စတင်စွန့်ခွာပြီးပြီး အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွား၍ ယခုလို စခန်းရှင်းလင်း သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ပြောဆိုသည်။  

“သူတို့စစ်တပ်က အဲဒီမှာစခန်းချနေတာကြာပြီထင်တယ်။ အင်အားကတော့ ၈၀ လောက်ရှိတယ်။ မနေ့ညက တချို့ တဝက် ဒီမနက်ကတော့ အားလုံးထွက်ပြေးကုန်ပြီပေါ့နော်။ ဘလယ်ဒိုရွာဘက်ကို ပြေးသွားတယ်လို့တော့ ကြားတယ်” တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အောက်တိုဘာ ၂၀ ရက်တွင် ကေအိုင်စီသို့ ပြောသည်။

ကာကင်းစခန်းစွန့်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များမှာ တပ်မ(၄၄) လက်အောက်ခံ ခြေလျှင်တပ်ရင်း ခလရ(၈)မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး လက်ရှိ အဆိုပါစခန်းများအတွင်း ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်သည့် ကော်ဘရာ စစ်ကြောင်း (၂)က နေရာယူထားကြောင်း သိရသည်။

ပိတ်ဆို့ တိုက်ခိုက်ခြင်းမရှိဘဲ ယခုလို ကာကင်းစခန်းများ စွန့်ခွာထွက်ပြေးသွားခြင်းသည် အောက်တိုဘာ ၁၇ ရက် နေ့တွင် လေးကေ့ကော်မြို့သစ်အနီးရှိ စွယ်တော်ကုန်းစခန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက် လိုက်ခြင်းကြောင့် ဖြစ်နိုင်သည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်က ဖြည့်ဆွက်ပြောသည်။  

နယ်စပ်နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအတွက်ဟုဆိုကာ ၂၀၀၃ ခုနှစ်မှ စတင်ပြီး စစ်ကောင်စီက ခြေကုပ်ယူ တပ်စွဲထားနိုင်သော ထိုစွယ်တော်ကုန်းတပ်စခန်းကို KNLA အပါအဝင် ကရင်အမျိုးသားများကာကွယ်ရေးတပ်-KNDO နှင့်ပူးပေါင်းတပ်များ က (၇) လကြာ ပိတ်ဆို့တိုက်ခိုက်ပြီးမှ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မြဝတီဒေသအတွင်း လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေသည့် အဆိုပါစခန်းကို သိမ်းပိုက်ရမိစဥ် စစ်ကောင်စီ ဘက်မှ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း KNLA ပူးပေါင်းတပ်မှ ရရှိခဲ့သလို ပြည်သူ လူထုမှလည်း အောင်ပွဲခံကြိုဆိုခဲ့ကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်တို့က ဆိုသည်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...