စစ်ကောင်စီက တက္ကသိုလ်များပြန်ဖွင့်ဖို့ ကြိုးစားမှုသည် နယ်မြေတည်ငြိမ်နေကြောင်း ပြသရန်သာဖြစ်ဟု လွိုင်ကော်မြို့ခံတွေပြော

စစ်ကောင်စီက တက္ကသိုလ်များပြန်ဖွင့်ဖို့ ကြိုးစားမှုသည် နယ်မြေတည်ငြိမ်နေကြောင်း ပြသရန်သာဖြစ်ဟု လွိုင်ကော်မြို့ခံတွေပြော

လွိုင်ကော်မှာ တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီက ဆောင်ရွက်နေလျက်ရှိပြီး နယ်မြေတည်ငြိမ်မှုရှိကြောင်း ဟန်ပြအနေနဲ့သာ ပြသဖို့ဖြစ်နိုင်တယ်လို့ လွိုင်ကော်မြို့ခံတချို့က ပြောဆိုနေကြပါတယ်။

တိုက်ပွဲမကြာခဏဖြစ်ပွားနေတဲ့ လွိုင်ကော်မြို့နယ်အတွင်းမှာ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့က လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကျောင်းကို အဆောင်နေပုံစံမျိုးနဲ့ ပထမဆုံးကျောင်းအဖြစ် ပြန်လည်ဖွင့်လှစ်နေပြီလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

လာမယ့် နိုဝင်ဘာလအတွင်းမှာတော့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကို ဖွင့်လှစ်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

“တက္ကသိုလ်တွေက သွားလို့မှ မရတာ Day ကျောင်းက ပေးကို မဝင်သေးတာ ၊ နည်းပညာတက္ကသိုလ် ကလည်း တပ်စွဲထားတယ်။ တိုက်ပွဲလည်းဖြစ်တဲ့နေရာတွေပေါ့။ မြို့ခံတွေ ပြန်လာနေအောင် ဟန်ပြဆွဲဆောင်တဲ့ပုံစံမျိုးလို့ပဲမြင်တယ်။”လို့ မြို့ခံတစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ကျောင်းသူကျောင်းသားနဲ့ ဆရာ၊ ဆရာမတွေအတွက် လုံခြုံရေးအာမခံချက် တစ်စုံတစ်ရာမရှိဘူးလို့ လွိုင်ကော်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ပထမ တစ်ခါ တုန်းက ဆရာ၊ ဆရာမတွေ အဖမ်းခံရတုန်းကလည်း ဘာမှ တာဝန်ယူ ဆောင်ရွက်ပေးတာမျိုး မရှိခဲ့သလို ကျောင်းရှိတဲ့ နေရာတွေကိုလည်း ခုထိ လုံခြုံရေး အာမခံ ချက် မပေးနိုင်တာမို့ ကျောင်းသားတွေ ဘယ်လို တက်ရဲမလဲ”လို့ လွိုင်ကော် မြို့ခံတစ်ဦးက ပြောပါတယ် ။

လွိုင်ကော်မြို့နယ်အတွင်း ဒေါဥခူ၊ နာနတ်တော၊ ချိကယ် ၊ ဘာဒို၊ ထေးငှါးလျား၊ နောင်ယား စတဲ့ ရပ်ကွက်အတွင်းကို လုံခြုံရေးအရဟု ဆိုကာ နှစ်ကုန် အထိ ဝင်ရောက် နေထိုင်ခွင့်၊ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လာမယ့်လအတွင်း စစ်ကောင်စီဖွင့်လှစ်မယ့် ကွန်ပျူတာတက္ကသိုလ်ကျောင်းဟာ ချိကယ်ကျေးရွာအုပ်စုအတွင်းမှာ တည်ရှိပါတယ်။ နည်းပညာတက္ကသိုလ်ကတော့ မိုင်းလုံးရပ်ကွက်မှာရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့ဖူးသလို ဒေသခံတွေ လုံခြုံရေးအရ ပြန်လည်

နေထိုင်ခြင်းမရှိသေးပါဘူး။

တဖက်မှာလည်း တက္ကသိုလ်ကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ဆရာ ၊ ဆရာမတွေကို ဖိအားပေး ခေါ်ယူနေတာရှိတယ်လို့ သိရပါတယ်။

‘’ပညာရေး ကောလိပ်နဲ့ ၊ သူနာပြု ကျောင်းလည်း ပြန်ဖွင့်မယ် ပြောတယ် ၊ ဆရာမတွေလည်း မပြန်မနေရ လို့ ပြောနေတယ် “ လို့ ပညာရေး ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်က တက္ကသိုလ်ကျောင်း၊ ကောလိပ်ကျောင်းက ကျောင်းသူ၊ကျောင်းသား ၊ ဝန်ထမ်းအများစုဟာ CDM ပြုလုပ်ထားကြသူအများစုဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်  နိုဝင်ဘာလအတွင်း စတင်ခဲ့တဲ့ တစ်လေးလုံးစစ်ဆင်ရေးအတွင်း လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာ ၊ ဝန်ထမ်း နဲ့ မိသားစုတွေကို စစ်ကောင်စီက ကာကွယ်မှုမပေးနိုင်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီဖွင့်လှစ်မယ့် ကျောင်းတွေကို တက်ရောက်ဖို့ အယုံအကြည်မရှိဘူးလို့ ကျောင်းသားတွေက ပြောဆိုကြပါတယ်။

လွိုင်ကော်မြို့မှာ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့ဆိုပြီး သန့်ရှင်းရေးဆောင်ရွက်နေမှု နဲ့ ပြင်ဆင်နေမှုကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြလျက်ရှိပါတယ်။

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...