ဆေးဝါးပြတ်လပ်မှုကြောင့် ရခိုင်က တီဘီရောဂါသည်များ အသက်ဆုံးရှုံးမှုထိ ရှိလာ

ဆေးဝါးပြတ်လပ်မှုကြောင့် ရခိုင်က တီဘီရောဂါသည်များ အသက်ဆုံးရှုံးမှုထိ ရှိလာ

ရခိုင်ဒေသကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားသလို ဆေးဝါးတင်သွင်းခွင့်ကိုလည်း တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားမှုကြောင့် တီဘီရောဂါသည်များမှာ ဆေးဝါးပြတ်လပ်ကာ အသက်သေဆုံးမှုထိ ရှိလာနေကြောင်း ကျန်းမာရေးအသိုင်းဝိုင်းမှ သိရသည်။

ယခင်ကာလများက တီဘီရောဂါဖြစ်ပွားနေသူများကို အစိုးရ နှင့်  NGO၊ INGOကျန်းမာရေးအဖွဲ့အစည်းများက ဆေးဝါး အခမဲ့ ကူညီထောက်ပံ့မှုများရှိသော်လည်း ယခုအခါ မရှိတော့ပေ။

"တီဘီဆေးက လုံးဝကို ရှာမရတော့ဘူး။ အရင်ကတော့ ဆေးရုံမှာ တီဘီရောဂါဖြစ်နေသူတွေကို ဆေးဝါး ထောက်ပံ့တာတွေရှိတယ်။ အခုတော့ တီဘီဆေးက လုံးဝမရှိတော့လို့ သူတို့တွေကို ရောဂါအခြေအနေ မဆိုးအောင်နဲ့ တခြားကူးစက်ရောဂါတွေ မဖြစ်အောင်အတွက် အစားထိုးပိုးသတ်ဆေးတွေပဲ ပေးထားရတယ်။ ဒါပေမဲ့ တီဘီရောဂါသည်တွေက အဆုတ်မကောင်းကြတာကြောင့် ဆေးပြတ်ပြီး သေဆုံးကြသူတွေလည်း ရှိကြတယ်" ဟု ရခိုင်မြောက်ပိုင်းမြို့တစ်မြို့တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက ပြောသည်။

နာတာရှည်ရောဂါတစ်မျိုးဖြစ်သည့် တီဘီရောဂါမှာ ဆေး ၆ လစာကို မပြတ်တမ်းသောက်ရပြီး လက်ရှိမှာ ဆေးဝါးပြတ်လပ်သွား၍ ရောဂါဒဏ်ကြောင့် သေဆုံးရခြင်းဖြစ်သည်။

သို့သော်လည်း တပြည်လုံး အတိုင်းအတာဖြင့် သေဆုံးသူအရေအတွက် အတိအကျကို သိရှိရန်ခက်ခဲသည်။

"ကျမဆီမှာ ဆေးလာရှာတဲ့ တီဘီရောဂါသည်အချို့ ဆုံးသွးပြီလို့ သိရတယ်" ဟု ရခိုင်မြောက်ပိုင်းဒေသက သူနာပြုဆရာမတစ်ဦးက ပြောသည်။

ရခိုင်မှာ စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ခရီးစရိတ် အဆမတန်မြင့်တက်နေပြီး ငွေကြေးမတတ်နိုင်သည့် တီဘီရောဂါဖြစ်ပွားနေသူများမှာ ဆေးရုံ၊ ဆေးခန်းများတွင် ကုသနိုင်ခြင်း မရှိကြတော့ပေ။

ကျောက်တော်မြို့နယ် လမ်းပိုက်ခွင်ရွာမှာ ဒေသခံတစ်ဦးက "တီဘီဖြစ်ပွားနေတဲ့ ကျနော့်ဆွေမျိုးတစ်ယောက် ဒီရက်ပိုင်းတွေမှာ ကျန်းမာရေးက အရမ်းကိုဆိုးရွားလာတယ်။ ဆေးပြတ်ပြီးတော့ ဆေးမသောက်ရလို့ ခန္ဓာကိုယ်က အရမ်းကို ပိန်လာပြီးတော့ အခြေအနေ မကောင်းတော့ဘူး။ နီးစပ်ရာ ဆေးရုံ ဆေးခန်း တွေကို သွားတော့လည်း ဆေးရှာမရဘူး ဖြစ်နေတယ်" ဟု ပြောသည်။

ဆေးပုံမှန်မသောက်ခြင်း၊ ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်း များခြင်းများကြောင့် မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံများထဲ ပါဝင်နေဆဲဟု အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ တစ်သိန်းတွင် ၃၆၀ ကျော်သည် တီဘီရောဂါဖြစ်ပွားမှုရှိကြပြီး သေဆုံးနှုန်းမှာလည်း လူတစ်သိန်းတွင် ၄၇ ဦးခန့် ပျှမ်းမျှရှိသည်ဟု သိရသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...