တောင်ကုတ် တန်းလွဲရွာမမြို့ ကို လေတပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၃ ဦး၏ အလောင်းတွေ့ရှိထား

တောင်ကုတ် တန်းလွဲရွာမမြို့ ကို လေတပ်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီး ၅ ဦးအပါအဝင် ၁၃ ဦး၏ အလောင်းတွေ့ရှိထား

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီ လေတပ်က ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၆ နှစ်အရွယ်ကလေးငယ် တစ်ဦးနှင့် အမျိုးသမီး ၅ ဦး အပါအဝင် အရပ်သား ၁၃ ဦး၏ အလောင်းအားတွေ့ရှိထားကြောင်း မြို့ခံများ၏ ပြောပြချက် အရသိရသည်။

မြို့ခံအမျိုးသမီးတစ်ဦးက " ဒီနေ့ မနက်ပိုင်း နောက်ဆုံးသိရတာကတော့ ၁၃ ဦး အလောင်းတွေ့ထားတာပေါ့" ဟုပြောသည်။

အလောင်းတွေ့ရှိခဲ့သူများမှာ တန်းလွဲရွာမမြို့မှ အမှတ်(၄) ရပ်ကွက်က မောင်စွမ်းဆက်နိုင်(၆) နှစ်၊ ဦးကျော်မြသန့် (၇၀) နှစ်၊ ဦးမောင်ကြီး (၄၀) နှစ်၊ ဦးခင်မောင်ဇင်(၆၁) နှစ်၊ ဒေါ်ရွှေလာ(၅၇) နှစ်၊ ဒေါ်မချစ်စု(၄၆) နှစ်၊ ဦးမောင်မြင့်လွင် (၅၆) နှစ်၊ ဦးဆန်းဇော်ဌေး(၃၄) နှစ်၊ ဒေါ်ခင်ဌေးမြင့် (၄၂) နှစ်၊ ဒေါ်ခင်ဆန်း(၅၂) နှစ်၊ ဦးခင်မောင်ရီ(၄၈)နှစ်၊ ဦးအောင်ကျော်စိန်(၆၉) နှစ်နှင့် ဒေါ်မတင်ရီ(၆၁) နှစ်တို့ ဖြစ်ကြသည်။

ဒဏ်ရာရရှိသူများအထဲတွင် ဦးသန့်လွင်၊ (၆၃)နှစ်၊ ဒေါ်ရွှေခဲ (၅၀)နှစ်၊ ဒေါ်ခင်မိုးလွင်(၅၁)နှစ်၊ ဦးသောင်းဝေ(၇၃)နှစ်၊ ဒေါ်မိုးစိန် (၇၅)နှစ်၊ ကိုအောင်မင်း(၂၆)နှစ်တို့ ပါဝင်ပြီး နောက်ထပ် ဒဏ်ရာရသူများလည်းရှိသေးကြောင်း သိရသည်။

"ဒဏ်ရာပြင်းထန်ရသူတွေနဲ့ လက်ကျိုး၊ ခြေကျိုးတွေဒဏ်ရာရသူတွေ အတော်အများတယ်" ဟု မြို့ခံအမျိုးသမီးငယ်တစ်ဦးက ပြောသည်။

နောက်ထပ်သေဆုံးသူများရှိမရှိ ရှာဖွေမှုများဆက်လုပ်နေသလို မြို့ခံပြည်သူတချို့ မြို့မှ တိမ်းရှောင်သွားပြီဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၇ ရက်၊ ညဥ့် ၁၁ နာရီ ၁၀ မိနစ်ကျော်က စစ်ကောင်စီလေတပ် က တန်းလွဲရွာမမြို့ အမှတ်(၄)ရပ်ကွက်၊ ရွာသစ်ဈေးအနီး (၁)လမ်းမကြီးနှင့် (၂)လမ်းမကြီးကြားရှိ နေအိမ်များသို့ ဖျက်အားပြင်း ဗုံး သုံးလုံးကြဲချခဲ့သည်ဟု သိရသည်။

တန်းလွဲရွာမမြို့သည် တောင်ကုတ်မြို့ မြောက်ဘက် ၁၅ မိုင်အကွာတွင်ရှိပြီး နိုဝင်ဘာလ လယ်က ရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ ဆုတ်ခွာထွက်ပြေးသွားပြီးနောက် အာရက္ခတပ်တော်(AA) ကထိန်းချုပ်ထားခဲ့သည်။

ယခုဗုံးကြဲတိုက်ခိုက်သည့် ရွာသစ်ဈေးအနီးတဝိုက်တွင် ဆေးရုံ၊ စည်ပင်သာယာအဖွဲ့ရုံး၊ လျှပ်စစ်ရုံး၊ မြို့အုပ်ချုပ်ရေးအဖွဲ့ရုံးတို့ ရှိကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားမှုတစ်စုံတစ်ရာမရှိဘဲ အရပ်သားပြည်သူများ အိပ်မောကျနေစဥ် တမင်ရည်ရွယ်ကာ လူနေရပ်ကွက် တည့်တည့် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

စက်တင်ဘာလ ၂၄ ရက် ၊ ည ၈ နာရီကလည်း တန်းလွဲရွာမမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု အတွင်း စစ်ဘေးရှောင်တက္ကသိုလ်ကျောင်းသား ကိုအောင်သူရနှင့် နောက်ထပ်အရပ်သားတစ်ဦးတို့သေဆုံပြီး နောက်ထပ်အရပ်သားသုံးဦးဒဏ်ရာရရှိကာ ရဲစခန်းနှင့် အနီးဝန်းကျင်နေအိမ်တချို့အပြင် ရေသန့်စက်တို့ဗုံးထိမှန်ပျက်စီး သွားခဲ့သည်။

အောက်တိုဘာလ ၄ ရက်က တောင်ကုတ်မြို့မြောက်ဘက် ၁၁ မိုင်ကျော်အကွာ တောင်ကုတ်-မအီကားလမ်းဘေးမှ ကင်းတောင်စံပြကျေးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ၁၅ နှစ်အရွယ်အမျိုးသမီးငယ်ဦးအပါအဝင် အရပ်သားငါးဦး သေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိခဲ့သည်။

နိရဉ္စရာက စုဆောင်းထားသောအချက်အလက်အရ တောင်ကုတ်မြို့နယ် တစ်ခုတည်းတွင် ဩဂုတ်လလယ်ပိုင်းမှစ၍ အောက်တိုဘာလ ၈ ရက်အထိ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၂၄ ဦးခန့်သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိလာပြီဖြစ်သည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...