စစ်တွေမြို့အဝင် ပတ်ပတ်လည်တွင် စစ်ကောင်စီက ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့

စစ်တွေမြို့အဝင် ပတ်ပတ်လည်တွင် စစ်ကောင်စီက ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့

ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသော စစ်တွေမြို့တွင် စစ်ကောင်စီက မြို့အဝင်ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးကာ စစ်အင်အား ထပ်မံတိုးချဲ့ချထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပါဒလိတ်ရွာမှ ဒကစရုံးချုပ်ထိ၊ ရေချမ်းပြင်ဆိပ်ကမ်းမှ ဗန္ဓုလလမ်းဆုံထိ၊ ရွှေမင်းဂံဆိပ်ကမ်းမှ ကျေးတောအထိ စသည့် မြို့အဝင်

လမ်းများတလျှောက်တွင် ကတုတ်ကျင်းများတူးပြီး ခံတပ်အခိုင်အမာ ပြုလုပ်ထားသည်။

“ပုဏ္ဏားကျွန်းဖက်ကလာရင် ဒကစအထိ မြို့အဝင်လမ်းတလျှောက်မှာ ကတုတ်ကျင်း ဆယ်ခုလောက်ရှိမယ်။ ရေချမ်းပြင်ဆိပ်ကမ်းကနေ မြို့အဝင် ဗန္ဓုလရုပ်ရှိတဲ့အထိလည်း ကတုတ်ကျင်းတွေ တူးထားတယ်။ ပြီးတော့ ရွှေမင်းဂံဆိပ်ကမ်းကနေ မြို့အဝင်အထိလည်း လုပ်ထားတယ်။ မြို့ပတ်ပတ်လည်အကုန်လုံးမှာ ကတုတ်ကျင်းတွေ တူးနေတယ်လို့ ပြောလို့ရတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တွေမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာပြီးနောက် မြို့ပတ်ပတ်လည်တွင် ကတုတ်ကျင်းများတူးကာ အင်အားတိုးချဲ့ထားခြင်းကို ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီသည် စစ်တွေမြို့အပြင်ဘက်တွင် ဖြန့်ကျက်ချထားသောတပ်များကို ပြန်လည်ရုပ်သိမ်းကာ မြို့အနီးတွင် ပြန်လည်နေရာချထားကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်ထံမှ သိရသည်။

 

စစ်တွေမြို့တွင်း၌လည်း ညအချိန် အင်အားအလုံးအရင်းဖြင့် လှည့်လှည်မှုများကို ပိုမိုလုပ်ဆောင်လျက်ရှိပြီး ဧည့်စာရင်းစစ်ဆေးမှုများကို တောက်လျှောက် လုပ်ဆောင်လျက်ရှိနေသည်။

စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက “လမ်းကြားတိုင်းမှာ စစ်ကားတွေ တွေ့ရတယ်။ အရင်က ၉ နာရီလောက်ဆို မရှိတော့ဘူး။ အခုက ၁၀ နာရီ ၁၁ နာရီကျော်အထိ မြို့ကိုပတ်ပြီးတော့ လှည့်လှည်နေတဲ့ စစ်ကားတွေရှိတယ်”  ဟု ပြောသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီသည် စစ်တွေ - ပုဏ္ဏားကျွန်းနယ်စပ်တကြောကို လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...
March 28, 2026
ရခိုင်ဒေသအတွင်း မူးယစ်ဆေးဝါးသယ်ယူပို့ဆောင်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို ကျူးလွန်ပါက...