တောင်ကုတ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

တောင်ကုတ်တွင် လေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ကင်းတောင်းစံပြကျေးရွာကို ယနေ့ (အောက်တိုဘာ ၄) နံနက် ၂ နာရီကျော်အချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်တိုင် လာရောက်ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။

“တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ နေရာသုံးခုကို ညအချိန်မတော်လာပြီး နှစ်ကြိမ်တိုင်တိုင် လာပစ်ခဲ့တာ။ လူတွေက အိပ်နေတော့ သေဆုံးဒဏ်ရာရသူ ပိုများသွားတယ်”ဟု ကင်းတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ မောင်ဇင်ဟိန်းကို (၉) နှစ်၊ ဒေါ်မြရီ (၆၂) နှစ်၊ အသက် (၇၄) နှစ်အရွယ် ဦးမြတင်နှင့် ဒေါ်မြကြည် တို့ဖြစ်သည်။

ဒဏ်ရာရသူများမှာ မောင်ဇင်လင်းထက် (၁၀) နှစ်၊ ကိုပြည်သိန်းစံ (၂၅) နှစ်၊ ကိုနေထက်လင်း (၃၁) နှစ်၊ ဦးစိုးထက် (၄၉) နှစ်၊ ဒေါ်မြင့်မြင့်ကြူ (၅၂) နှစ်၊  ဦးထွေးရီ (၇၃) နှစ်နှင့် ဒေါ်မအေး (၈၇) နှစ် တို့ဖြစ်သည်။

ဒဏ်ရာရသူများထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ (၃) ဦးရှိပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိနေသည်ဟု သိရသည်။

တောင်ကုတ်မြို့နှင့်  ၁၀ မိုင်ခန့်ကွာဝေးသည့် ကင်းထောင်းစံပြကျေးရွာတွင် အိမ်ခြေတစ်ထောင်ကျော် ရှိသည်။

 စစ်ကောင်စီသည် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ရွာအောက်ပိုင်း စသည့်နေရာများကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး အရပ်သားနေအိမ် ၁၃ ဆောင်ထက်မနည်း ပျက်စီးသွားသည်။

“ အခုလိုမျိုး ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်လာတော့ ဒေသခံတွေကတော့ နောက်ထပ်လည်း လာပစ်မှာကို စိုးရိမ်လို့ ထွက်ပြေးတိမ်းရှောင်နေသူတွေ ရှိကြပါတယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍  ၁၄ နှစ်အရွယ် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့သည်။

နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည်  အရပ်သားများနေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ အရပ်သားသေဆုံးဒဏ်ရာရရှိမှုမှာ နေ့စဉ်တိုးလာနေသည်။

ရခိုင်တွင် ပြီးခဲ့သည့် စတင်ဘာလအတွင်း စစ်ကောင်စီလေကြာင်းပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ်ရာရသူ ၈၅ ဦး အထိရှိခဲ့ကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...