မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေ လုပ်ငန်းပြန်စဖို့ အခက်ကြုံ

မွန်ပြည်နယ်က နေလှန်ဆားလုပ်ငန်းတွေ လုပ်ငန်းပြန်စဖို့ အခက်ကြုံ

မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင် အလုပ်သမားရှားပါးမှု ပြဿနာတွေကြောင့် လုပ်ငန်းပြန်စဖို့ အခက်ကြုံနေရတယ်လို့ ဆားတောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေလှန်ဆားလုပ်ငန်းတွေကို နှစ်စဉ်စက်တင်ဘာနောက်ဆုံးအပတ်မှာ စတင်လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားကွင်းတွေပြန်စဖို့ အခက်အခဲရှိနေတာပါ။

နေလှန်ဆားလုပ်ငန်းဟာ အာဏာသိမ်းသုံးနှစ်ကျော်ကာလအတွင်း စက်သုံးဆီဈေးနှုန်း ပိုမိုကြီးမြင့်လာတာ၊ အလုပ်သမားခေါ်ယူလို့မရတာ၊ ဆားဈေးနှုန်းကျဆင်းနေတာ၊ မိုးရွာသွန်းမှုတွေကြောင့် လုပ်ငန်း မပြန်စနိုင်သေးပါဘူး။

ဆားတောင်သူတစ်ဦးကတော့ အထွေထွေအခက်အခဲတွေကြောင့် ဒီနှစ်ဆားရာသီမှာ ဆားတောင် သူ ၃၀ ရာခိုင်နှုန်းထက်မနည်း လုပ်ငန်းနားရမယ့် အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။

“ကုန်ဈေးနှုန်း ဒီလောက်မြင့်တာ အလုပ်သမားတွေ ရှားပါးတာဆိုတော့ ကျွန်တော်တို့ အလုပ်လုပ်ရတာ အလုပ်သမား အားကိုးလုပ်ရတယ်။ တချို့ဆားဖိုတွေက အခုဆိုညည်းကုန်ပြီ။ အလုပ်မထွက်ဖို့တောင် ပြောနေကြတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ် ရှေ့ဆက်လုပ်ရမလဲ။ မလုပ်နိုင်တဲ့ သူအ များကြီး ဖြစ်နေတယ်။ အခြေအနေအရ နားဖို့က ၃၀ ရာခိုင်နှုန်းလောက် ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဆားတောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကလည်း အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုနဲ့အတူ ဆားကွင်းဖျက်မိုးတွေကြောင့် အရှုံးပေါ်ခဲ့တဲ့အတွက် ဒီနှစ်မှာလုပ်ငန်းစဖို့ အခက်ကြုံခဲ့ရတာပါ။

ဆားတောင်သူနောက် တစ်ဦးကလည်း အလုပ်သမားဈေးနှုန်းတွေအပါအဝင် အထွေထွေကုန်ကျ စရိတ်ကြီးမြင့်မှုကြောင့် လုပ်ငန်းရပ်နားမယ့်သူတွေ ရှိနေတယ်လို့ ပြောပါတယ်။

“မနှစ်ကအလုပ်လုပ်တာက ကုန်ဈေးနှုန်းလည်းတက်တယ်။ ဒီနှစ်ဆို ပိုတောင်တက်သေးတယ်၊ အ လုပ်သမားခလည်း ထပ်တက်တယ်။ ဒီနှစ်ကတချို့ဖိုတွေက မလုပ်တာရှိတယ်။ နားတဲ့ဖိုတွေရှိတယ်။ ကျွန်တော်တို့ ပငပိုင်းမှာ နားတဲ့ဖိုရှိမယ်။ ဝယ်ကလောင်းတို့ အံခဲတို့ အဲဒီမှာလည်း နားတဲ့သူတွေ ရှိတယ်။ ဒီနှစ်မထွက်ဘူးပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ ဆားလုပ်ငန်းတွေပြန်စဖို့ အလုပ်သမားတွေ ခေါ်ယူရာမှာ အရင်နှစ်ကထက် နေ့စားခ တစ်ထောင် တိုးမြှင့်လာပြီး အမျိုးသားတစ်ဦး တစ်ရက်တစ်သောင်းကျပ်၊ အမျိုးသမီးတစ်ဦး တစ်ရက် ၇၀၀၀ ကျပ် ပေးပြီး ခေါ်ယူနေပေမယ့် လုပ်သားရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်နေရတာပါ။

ဒီလို အခြေအနေတွေကြောင့် တချို့ တောင်သူတွေအနေနဲ့ လုပ်ငန်းလျော့ချဖို့နဲ့ ရပ်နားဖို့ရှိလာတဲ့အတွက် ဒီနှစ်ဆားရာသီမှာ ဆားထုတ်လုပ်မှု သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ ဆားတောင်သူတွေက သုံးသပ်ကြပါတယ်။

မွန်ပြည်နယ်ဟာ နေလှန်းဆားလုပ်ငန်းကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိကလုပ်ကိုင်နေတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် ၄၀,၀၀၀ ကျော် ထွက်ရှိနေပြီး ထွက်ရှိလာတဲ့ ဆားတွေကို မန္တ လေး၊ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...