သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

သီပေါ လေကြောင်းဗုံးကြဲခံရခြင်းကြောင့် ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံး၊ မြို့အဝင်ကို TNLA တင်းကြပ်စစ်ဆေးနေ

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်မှ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးနှင့်အမျိုးသမီးအပါအဝင် (၄) ဦးသေဆုံးပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း သီပေါမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခမရ-(၅၀၃) နှင့် (၅၀၄) တပ်ရင်းတို့ကို TNLA တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် နေ့စဉ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“၅၀၃/၅၀၄ တပ်ရင်းကို သိမ်းနိုင်တာက နမ္မတူဘက်ကနေ ဆင်းလာတဲ့ ကိုးကန့်တပ်နဲ့ PDF တွေက လာတိုက်ကူတာ။ အခုက (၂၃) တပ်ရင်း ကျန်ဦးမယ်။ စစ်ကောင်စီဘက်က မြေပြင်သတင်းပေးတဲ့အတိုင်း ညလူအိပ်ချိန် အဲ့နေရာတွေ ဗုံးလာကြဲတော့ လူသေတာ ရှိတယ်။ နေ့လယ်ဆိုရင် စကစလူတွေ မျက်စိဖွင့် နားစွင့်ထားပြီး ညမှ လေယာဉ်နဲ့ဗုံးကြဲတာမျိုး လုပ်တာ”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၈) မှ (၃၀) ရက်အထိ သုံးရက်အတွင်း သီပေါမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၄) ဦး သေဆုံးကာ (၁၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

သီပေါမြို့ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၅၀၃) နှင့် (၅၀၄) နှစ်ခုကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်လိုက်ပြီးနောက် မြို့အဝင်အထွက်ရှိ တိုးဂိတ်နှင့် ဒုဋ္ဌဝတီတံတားတို့တွင် TNLA ၏ ရဲတပ်ဖွဲ့မှ ဖြတ်သန်းသွားလာသည့် ပြည်သူများကို တင်းတင်းကြပ်ကြပ် စစ်မေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“မြို့ထဲမှာကော စစ်တာ တော်တော်လေး တင်းကြပ်နေတယ်။ မြို့အဝင် တိုးလ်ဂိတ်မှာ စစ်တာကြမ်းတယ် သူတို့ TNLA Police ရဲဝတ်စုံနဲ့ စောင့်တာ။ အဲ့မှာ လူမျိုးရေးဆန်ဆန် စစ်မေးတာမျိုးအထိ ရှိတယ်။ တိုင်းရင်းသားညီအစ်ကို အချင်းချင်း ပြောဆိုဆက်ဆံတတ်ရမှာပေါ့။ အခုက ရွာကနေ မြို့ထဲ ဟင်းလာဝယ်တဲ့လူတွေပါ အခက်အခဲ ဖြစ်နေပြီ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စက်တင်ဘာလ (၂၈) ရက်တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် သီပေါမြို့ ဇာတ်စုရပ်တွင် (၄) ဦး၊ ဈေးရပ်ကွက် ဘောလုံးကွင်းအနီး (၂) ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး ပြည်သူနေအိမ်နှင့် ဈေးဆိုင်ခန်း (၁၀) ခန်းကျော် ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ စက်တင်ဘာလ (၂၉) ရက်ကလည်း သီပေါမြို့ပေါ် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် မြို့လယ်ဓမ္မာရုံအနီး အမျိုးသား(၁) ဦး သေဆုံးသွားပြီး စုစုပေါင်း (၅) ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ခါလိန်ကျေးရွာတွင်လည်း လေကြောင်းဗုံးထိမှန်မှုကြောင့် အသက် (၇) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီး အပါအဝင် မိသားစုဝင် (၃) ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် သီပေါမြို့အနီး စစ်ကောင်စီတပ်၏ လက်ကျန်တပ်စခန်း ခလရ-(၂၃)ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...
မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...