စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တကြော ကျေးရွာများကို လေကြောင်းတိုက်ခိုက်

စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တကြော ကျေးရွာများကို လေကြောင်းတိုက်ခိုက်

ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် နယ်စပ်တစ်ကြောရှိ ကျေးရွာများကို စစ်ကောင်စီက Y–12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လာနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ် တောကန်၊ ဝါဘို၊ မင်းလှ၊ ညောင်ရေချောင်း နှင့် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်၊ အောင်မြေကုန်း၊ စပါးထား၊ ခမောင်းတော စသည့်ကျေးရွာများကို စက်တင်ဘာလ ၂၉ ရက်တွင် Y – 12 ဖြင့် လှည့်ပတ်ဗုံးကြဲခဲ့သည်။

“Y–12 လေယာဉ်နဲ့ ပတ်ပြီးတော့ကြဲတာ။ မနေ့က မနက် ၁၁ နာရီလောက်မှာ ပုဏ္ဏားကျွန်း - စစ်တွေမြို့နယ် ရွာစဉ်တစ်လျှောက်လုံးကို တစ်နာရီလောက်ပတ်ပြီး ဗုံးကြဲသွားတယ်” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲမှုကြောင့် ကွမ်းတောင်ရွာဘုန်းကြီးကျောင်းအနီး ဗုံးလေးလုံးကျရောက်ပေါက်ကွဲပြီး ကျန်ကျေးရွာများ၌လည်း ဗုံးနှစ်လုံးထက်မနည်း ကျရောက်မှုများရှိကာ နေအိမ်ပျက်စီးမှု၊ ထိခိုက်သေဆုံးမှုကို မသိရသေးပေ။  

စစ်ကောင်စီက ဗုံးကြဲသွားသည့် ကျေးရွာများမှ ဒေသခံများမှာ ပုဏ္ဏားကျွန်းတိုက်ပွဲ စတင်ချိန်မှစ၍ ထွက်ပြေး တိမ်းရှောင်နေကြပြီး ဒေသခံအချို့မှာ နေအိမ်၊ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို စောင့်ကာ နေထိုင်လျက်ရှိကြသည်။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား စစ်ရေးတင်းမာကာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်မြေကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မနေ့က အဲနီအနားမှာတော့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ဗုံးကြဲတဲ့ အသံတွေ အကျယ်ကြီးကြားရတယ်” ဟု စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောသည်။

နိုင်ငံတဝန်း စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် မြေပြင်တွင် တိုက်ခိုက်မှုစွမ်းရည်မရှိတော့သဖြင့် လေကြောင်းကို အဓိက အသုံးပြုတိုက်ခိုက်လျက်ရှိသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေဆုံးရှံးမှုများလာခြင်းနှင့်အတူ စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်လာနေပြီး Y–12 လေယာဉ်ကို ပိုအသုံးပြုလာနေသည်ဟု လေ့လာသူများက ဆိုကြသည်။

“Y-12 လေယာဉ်တွေကို သုံးရတာက စရိတ်သက်သာတယ်။ ဆီကုန်တာတို့ သက်သာတယ်။ နောက်တစ်ခု ဧရိယာထိန်းချုပ်လိုတဲ့အတွက် တစ်စိတ်တစ်ပိုင်း အသုံးချနိုင်တယ်။ ဓာတ်ပုံယူတာမျိုးလည်း လုပ်နိုင်တယ်။ Y-12 လိုမျိုးလေယာဉ်တွေနဲ့ တိုက်ခိုက်ခြင်းဟာ အချိန်ကြာကြာ ဗုံးကြဲနိုင်တဲ့အတွက် လူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်တယ်လို့ မြင်ပါတယ်” ဟု ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက ပြောသည်။

စစ်ကောင်စီသည် ရခိုင်ဒေသတွင် နယ်မြေဆုံးရှုံးမှုနှင့်အတူ အာရက္ခတပ်တော်၏ ထိုးစစ်အရှိန်မြင့်လာသည်နှင့်အမျှ ရခိုင်မြောက်ပိုင်းတွင် တစ်ခုတည်းကျန်ရှိနေသော စစ်တွေမြို့ကို လုံခြုံရေးပိုတိုးမြှင့်လျက်ရှိသည်။

စစ်ကောင်စီက စစ်တွေမြို့ပတ်ပတ်လည်တွင် လုံခြုံရေးတိုးမြှင့်ကာ စစ်အင်အားတိုးချဲ့ထားပြီး အာရက္ခတပ်တော် ၏ ထိုးစစ်ကိုခုခံရန်အတွက် ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည်။

မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...
ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...