NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်း၊ မန္တလေးနှင့် တောင်ကြီးကို စစ်ဆင်မည် မဟုတ်ဟု MNDAA ထုတ်ပြန်

NUG နှင့် စစ်ရေး၊ နိုင်ငံရေး မပူးပေါင်း၊ မန္တလေးနှင့် တောင်ကြီးကို စစ်ဆင်မည် မဟုတ်ဟု MNDAA ထုတ်ပြန်

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း၊ စစ်မြေပြင်များ ချဲ့ထွင်ခြင်း၊ မန္တလေးနှင့် တောင်ကြီးမြို့တို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းတို့ကို လုံးဝပြုလုပ်မည် မဟုတ်ဟု ယနေ့ (စက်တင်ဘာ ၁၈ ရက်) ညပိုင်းတွင် တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

သို့သော် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမည်ဟု ဆိုသည်။

တရုတ်နှင့် မြန်မာကို ဆန့်ကျင်သော နိုင်ငံခြား အသိုင်းအဝိုင်းများနှင့်လည်း ပူးပေါင်းဆက်ဆံမည် မဟုတ်သကဲ့သို့ မဟာမိတ်လည်း ဖွဲ့မည်မဟုတ်ဟု MNDAA က ထုတ်ပြန်ချက်တွင် ပြောထားသည်။

ထို့ပြင် ချက်ချင်းအပစ်အခတ်ရပ်ဆဲကာ တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းပြီး မြန်မာ့ နိုင်ငံရေးကို တွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟုလည်း ဆိုသည်။

“တရုတ်နိုင်ငံအနေဖြင့် လက်ရှိ တနေ့ထက်တနေ့ ပိုမိုဆိုးရွားလာနေသော မြန်မာနိုင်ငံ၏ အခြေအနေကို ကြားဝင်စေ့စပ်ဖြေရှင်းပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်” ဟုလည်း MNDAA က ပြောသည်။

MNDAA အနေဖြင့် စစ်မှန်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးဆိုသည့် နိုင်ငံရေးရပ်တည်ချက်ကို လုံးဝပြောင်းလဲမည် မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းတို့ကိုလည်း လုံးဝပြုလုပ်မည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ချက်တွင် ပြောထားသည်။

MNDAA သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့အပြင် အခြားသော မြို့များနှင့် တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကြီးကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ၁၀၂၇ စစ်ဆင်ရေးကြီး ပထမလှိုင်း ဖော်ဆောင်နေသည့် ၂၀၂၃ နိုဝင်ဘာ ၂၇ ရက်တွင် MNDAA ပါဝင်သည့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် တရုတ်နိုင်ငံမှ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့နှင့် တွေ့ဆုံခဲ့သေးကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ MNDAA နှင့် TNLA မှ တစုံတရာအတည်ပြုချက် မပေးသော်လည်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက တရုတ်နှင့် တွေ့ဆုံမှုရှိသည့်သတင်း မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။

ရှမ်းမြောက်နှင့် တရုတ်−မြန်မာနယ်စပ်ဒေသတိုက်ပွဲများ ချက်ချင်းရပ်တန့်ရန် တရုတ်ဘက်က သတိပေးစာပေးပို့ခဲ့ကြောင်းနှင့် တိုက်ပွဲများနှင့်ပတ်သက်၍ တရုတ်၏ ဖိအားကို ရင်ဆိုင်နေရကြောင်း TNLA ပြောခွင့်ရသူက ဩဂုတ်လ ၃၀ ရက်တွင် မဇ္ဈိမကို ပြောကြားထားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး မစ္စတာ ဝမ်ယိသည်လည်း ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ ရောက်လာပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နှင့် တွေ့ဆုံခဲ့သေးသည်။

March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...