ရေဘေးကြောင့် ၃ရက်အတွင်း ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ သေဆုံးသူ ၂၄ ဦးရှိ

ရေဘေးကြောင့် ၃ရက်အတွင်း ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ သေဆုံးသူ ၂၄ ဦးရှိ

မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကျရေတွေနဲ့အတူ မြှင့်တက်လာတဲ့ချောင်းရေ၊ မိုးရေကြောင့် ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်ရှိ ကျေးရွာတွေမှာ စက်တင်ဘာလ ၁၀ ရက်ကနေ ၁၂ရက်နေ့အထိ သုံးရက်အတွင်းမှာ  သေဆုံးသူ ၂၄ ဦးရှိကြောင်း ကန္တာရဝတီတိုင်း(မ်) က စုံစမ်းသိရှိရပါတယ်။

တောင်ကျရေကြောင့် ‌တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၈) ဦး မျောပါသေဆုံးခဲ့တယ်လို့ သိရပေမယ့် သေဆုံးမှုနဲ့ပတ်သတ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိ‌သေးပါဘူး။

ဒါ့အပြင် အရပ်သား ၆ ဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်လည်းရှိခဲ့တယ်လို့လည်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး-၂ ဦးဗညားက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“လော‌လောဆယ်ကတော့ ခြောက်ဦးထိ ဖြစ်လာတာကိုတော့ ကျနော်တို့ တွေ့ရတယ်။ ဒါက အရပ်သားပေါ့နော” လို့ သူကပြောပါတယ်။

ကရင်နီပြည်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ ရေလွမ်းမိုးမှုတွေ စတင်ဖြစ်ပေါ်လာခဲ့တာပါ။ ရေမြှင့်တက်လာတဲ့ ဖယ်ခုံမြို့နယ်နဲ့ ကရင်နီဒေသတွေဟာလည်း တောင်ပေါ်ဒေသတွေဖြစ်ပေမယ့် တောင်ကျချောင်းရေတွေကြောင့် ထိခိုက်သေဆုံးမှုတွေဖြစ်ခဲ့တာပါ။

ရေဘေးကြောင့် သုံးရက်အတွင်း သေဆုံးသူ ၂၄ ဦးအပြင် ကယန်းအမျိုးသမီးအစည်းအရုံး KyWOရဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ ဒဏ်ရာရသူ ၂ ဦးလည်း ရှိပါတယ်။

အဆက်မပြတ်ရွာတဲ့မိုးကြောင့် သုံးရက်အတွင်း ကရင်နီတစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ရှမ်း-ကရင်နီ နယ်စပ်ဒေသတစ်ဝိုက် ရေမြှုပ် ပျက်စီးတဲ့ နေရာဒေသ ၁၀ နေရာထက်မနည်း ရှိလာပါတယ်။

ကျေးရွာက နေအိမ် နဲ့ စစ်ဘေးရှောင်တဲအိမ် ၃၀၀ ကျော်လည်း ရေမြှုပ်သွားကာ ပျက်စီးမှုလည်းရှိနေပြီး အများစုကတော့ စစ်ရှောင်တဲအိမ်တွေဖြစ်တယ်လို့ IEC ကပြောပါတယ်။

တောင်ကမ်းပါးတွေ ပြိုကျမှုကြောင့် လူသွားလမ်းပေါ် မြေစာပိတ်နေတဲ့ ဒေသတွေမှာလည်း လမ်း ရှင်းလင်းရေး ပြုလုပ်နေကြပြီဖြစ်ပါတယ်။

ဒါပေမဲ့ ရေဘေးသင့် ပြည်သူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲ ဖြစ်တယ်လို့ ကယ်ဆယ်ရေးအသင်းအဖွဲ့ တွေက ပြောကြပါတယ်။

IEC အစိုးရအနေနဲ့လည်း ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်ကို ကူညီသွားဖို့ရှိပေမဲ့ ဘဏ္ဍာရေး အခက်အခဲကြောင့် တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ တစ်ပြိုင်ထဲ ကူညီလုပ်ဆောင်ပေးလို့ မရနိုင်သေးဘူးလို့ ဦးဗညားက ဆက်ပြောပါတယ်။

“စားနပ်ရိက္ခာကိစ္စလည်း ကြည့်ရအုံးမယ်။ ပြန်လည်ထူထောင်ဖို့ အတွက် တဲအိမ်တွေ အမိုးအကာ၊ အဝတ်အစားတွေ၊ အိုးခွက်ပန်းကန်တွေကစ အားလုံးကို ကျနော်တို့ ပြည့်မှီအောင် လုပ်နိုင်ဖို့အတွက် ကတော့ စိန်ခေါ်မှုတွေ အများကြီးရှိပါတယ် ” လို့ ဦးဗညားက ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ကရင်နီပြည် အပါအဝင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့မှာ ရေဘေးကြုံတွေ့နေရတာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ များပြားနေပါတယ်။

Most read this week

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...