လေကြောင်းအန္တရာယ် နဲ့ သဘာဝဘေးဒဏ်တွေကြောင့် ဖရူဆိုအနောက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထား

လေကြောင်းအန္တရာယ် နဲ့ သဘာဝဘေးဒဏ်တွေကြောင့် ဖရူဆိုအနောက်ခြမ်းက စာသင်ကျောင်းတချို့ ယာယီပိတ်ထား

ကရင်နီပြည် ၊ ဖရူဆိုအနောက်ဖက်ခြမ်းမှာ လေကြောင်းအန္တရာယ်စိုးရိမ်မှု နဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် စာသင်ကျောင်းတချို့ကို ယာယီပိတ်ထားတယ်လို့ ကလူဆိုယိုသာ စာသင်ကျောင်းရဲ့ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဒီဖရူဆိုမှာတော့ မရောက်သေးပေမဲ့ အဲ့ဒီ ဒီးမော့ဆိုအနောက်ဖက်ခြမ်းပေါ့နော ၊ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တဲ့အတွက်ကြောင့်မလို့ သူကလေကြောင်းရန်ကို ကြိုတင်ကာကွယ်သောအားဖြင့် ပိတ်တယ်။ တကယ်တမ်းဆိုရင် ပိတ်မယ်ဆိုရင် ကျမတို့က ဒီကျောင်းကော်မတီရယ် ကျောင်းသား မိဘရယ်နဲ့ပေါ့ ဆွေးနွေးတာ၊ အရင်ဆုံးအစည်းဝေးခေါ်ပြီးမှ ကျောင်းသားမိဘတွေကလည်း လုံခြုံရေးအရပိတ်သင့်တယ် ပြောလို့ ကျမတို့ တစ်ပတ်တော့ ပိတ်တယ်။”လို့ အဆိုပါ ကျောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

လေကြောင်းအန္တရာယ်ကြောင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC ) က စာသင်ကျောင်းတွေကို ပိတ်ထားဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့ကစပြီး ဖရူဆိုအနောက်ဘက်ခြမ်းက စာသင်ကျောင်းတချို့ကို ပိတ်ထားကြတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းမှာလည်း မိုးအဆက်မပြတ်ရွာသွန်းနေတဲ့အတွက် မြေပြိုမှုတွေဖြစ်ပွားနေတာကြောင့် ကျောင်းကို ဆက်လက်ပိတ်ထားနိုင်တယ်လို့ ဆိုပါတယ်။

လေကြောင်းအန္တရာယ်စိုးရိမ်မှုကြောင့် ကျောင်းသားဦးရေနည်းတဲ့ စာသင်ကျောင်းတချို့မှာတော့ ကျောင်းသားမိဘ နဲ့ ကျောင်းကော်မတီဝင်တွေ ဆွေးနွေးကြပြီး နေအိမ်တွေမှာ စာသင်ကြားဖို့ စီစဉ်ထားတယ်လို့ အဆိုပါ ကျောင်းတာဝန်ခံတစ်ဦးက ဆက်ပြောပါတယ်။

“ကျောင်းတိုင်းကိုတော့ မြို့နယ်မှူးက အကြောင်းကြားထားတယ်ပေါ့။ ဒါပေမဲ့ မြို့နယ်မှူးက ပြောတာကတော့ ရွာကျောင်းဆိုရင် ကျောင်းသားကနည်းတယ်လေးနော။ ကျောင်းသားက နည်းတော့ခါကျတော့ ကျောင်းမှာတစ်စုထဲ သွားတက်တာက အန္တရာယ်ဖြစ်မယ်လို့ စိုးရိမ်မယ်ဆိုလို့ရှိရင် ရွာကျောင်းက မိဘတွေနဲ့ ကျောင်းကော်မတီနဲ့ ဆွေးနွေးပြီးတော့မှ တစ်အိမ်အိမ်မှာ သင်လို့ရရင်လည်း အဲ့လိုမျိုး သင်ပေးဖို့ပေါ့နော်။ ဒါမြို့နယ်မှူးက အဲ့လိုမျိုး အကြံပေးလိုက်တာပေါ့နော။ “လို့ သူက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ကျောင်းပိတ်ရက်များလာရင် ကလေးတွေရဲ့ပညာရေး နောက်ကျမှာကို ကျောင်းသားမိဘတွေက စိုးရိမ်နေကြပါတယ်။ သို့ပေမယ့် ပညာရေးထက် အသက်ရှင်သန်ရေးကို ပိုဦးစားပေးသင့်ပြီး စာသင်ကျောင်းထက် နေအိမ်တွေမှာ စာသင်ကြားပါက စိတ်ချလုံခြုံမှုရှိတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

“အများပြည်သူလုံခြုံရေးအတွက်လည်းဖြစ်တော့ ပိတ်တာက သင့်တော်တယ်ပေါ့၊ သားသမီးရှေ့ရေးကတော့ ဘယ်သူမဆို မိဘတိုင်းကတော့ တွေးပူကြတဲ့သူတွေပဲ။ ကိုယ့်သားသမီးကို အမြင့်မှန်းထားတဲ့သူတွေပဲ။ ဒါပေမဲ့ ဒီအခြေနေနဲ့ခါကျတော့ ပညာရေးနဲ့အသက်ရှင်ရေးဆိုရင်တော့ အသက်ရှင်ရေးကိုပဲ ဦးစားပေးမယ်ပေါ့နော။ ကျောင်းသွားရတာလည်းဝေးတယ် ကျောင်းမှာလည်း နေရာထိုင်ခင်းက အဆင်မပြေဘူး။ တကယ်လို့တစ်ခုခုဖြစ်ခဲ့ရင် ကျောင်းမှာဆို ကိုယ်လည်းပြေးသွားလို့မလွယ်ဘူး။ အနီးနားမှာဆိုတော့ ပိုစိတ်ချရတယ်လို့ထင်တာပေါ့။ “လို့ သူက ပြောပါတယ်။

ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက အများပြည်သူသွားလာတဲ့နေရာတွေမှာ မြေပြိုမှု ၊ ကမ်းပါးပြိုမှုတွေလည်း ဖြစ်ပွားနေတာကြောင့် သွားလာရေးခက်ခဲနေကြပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်က စစ်ကောင်စီက ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းက နန်းမယ်ခုံမြို့ နဲ့ ဖယ်ခုံမြို့နယ်က စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားအရွယ်အပါအဝင် ၉ ဦး ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို စိုးရိမ်တာကြောင့် ဒီးမော့ဆို ၊ ဖရူဆို ၊ ဖယ်ခုံမြို့နယ်အတွင်းက စာသင်ကျောင်းအများစုကို လတ်တလောမှာ ယာယီပိတ်ထားကြတာ ဖြစ်ပါတယ်။

April 8, 2026
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့်...
April 7, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ စစ်တပ်ထုပ်ကုန်တွေဖြစ်တဲ့ ဒဂုံဘီယာနဲ့မြန်မာဘီယာ ဖာ ၁၀၀...
April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...