ပဋိပက္ခအတွင်း နေအိမ်ပျက်စီးသွားတဲ့ လူထုအတွက် အကျိုးခံစားမှုပြန်ရစေလိုကြောင်း ဒေသခံတွေတောင်းဆို

ပဋိပက္ခအတွင်း နေအိမ်ပျက်စီးသွားတဲ့ လူထုအတွက် အကျိုးခံစားမှုပြန်ရစေလိုကြောင်း ဒေသခံတွေတောင်းဆို

နိုင်ငံတစ်ဝှမ်း ပဋိပက္ခအတွင်း စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုအပြင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတဲ့ နေအိမ် များပြားလာပါတယ်။

ကရင်နီပြည်မှာလည်း အိမ်ပျက်စီးတဲ့ အရေအတွက် ပိုတိုးလာပြီး နစ်နာသူတွေအတွက် အကျိုးခံစားမှုပြန်ရချင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကရင်နီပြည်၊ ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အကုန်မဟုတ်ရင်တောင် တစ်ဝက်လောက်ကို ပြည်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းခိုင်းစေချင်တယ်။ အဖွဲ့အစည်းသော်လည်းကောင်း၊ အစိုးရသော်လည်းကောင်းပေါ့။ ဒါမှလည်း သူတို့မှာ အသစ်ကပြန်စဖို့ ခွန်အား လမ်းစတွေ ပြန်ရမှာဖြစ်တယ်” လို့ သူက ပြောပါတယ်။

ကရင်နီပြည် လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာ ၂၀၂၄ရဲ့ ဇူလိုင်လ နဲ့ သြဂုတ်လ နှစ်လတာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ပေါင်း ၁၀၀ ကျော် ပျက်စီးသွားခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ စာရင်းအရ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇူလိုင်လ အတွင်း လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည် ကျေးရွာမှာ စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၆၀ ကျော်နဲ့ သြဂုတ်လအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒီးမော့ဆိုမြို့နယ်တွင်းရှိ နေအိမ် သုံးလုံး၊ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်။

လက်ရှိကြားကာလအခြေနေမှာ၊ စစ်ရေးအရ နယ်မြေလုံခြုံမှု မသေချာသေးတာကြောင့် စစ်ရှောင်စခန်းကလွဲလို့ ရပ်ရွာအတွင်းရှိ နေအိမ်တွေကို ပြုပြင်တာ၊ အကျိုးခံစားခွင့် တစ်စုံတစ်ရာ မပေးနိုင်သေးဘူးလို့ IEC အတွင်းရေးမှူး-၂ ဦးဗညားက ပြောပါတယ်။

“ ဒီအိမ်တွေကို ကျ‌နော်တို့က ဒီအသွင်ကူးပြောင်းရေး ကာလတစ်ခု၊ ပြန်လည်ထူထောင်ရေးကာလမှာ သေချာပေါက် ကျနော်တို့က ပြန်ပြီးမွမ်းမံ ပြင်ဆင်ပေးတာတွေ မဟုတ်ရင်လည်း တစ်စုံတစ်ရာကတော့ တက်လာမယ့် အစိုးရက လုပ်ပေးရမယ့် တာဝန်ရှိတယ်” လို့ ဦးဗညားက ပြောပါတယ်။

နေအိမ်တစ်လုံးဖြစ်လာဖို့ သွေး၊ ချွေးရင်းရတာကြောင့် နေအိမ်မီးရှို့ဖျက်ဆီးတာကို မပြုလုပ်ကြဖို့ ဒီးမော့ဆိုဒေသခံ အမျိုးသမီးတစ်ဦးက တောင်းဆိုပါတယ်။

“သူများအိုးအိမ်ကို အလွယ်နဲ့ မဖျက်ဆီးခိုင်းစေချင်ဘူး။ သူတို့က လုပ်တာလွယ်တယ်။ ခံရတဲ့ သူအဖို့က ကိုယ့်အိမ်ဆိုတဲ့ သံယောဇဥ်တွေရယ်၊ မိသားစုရဲ့ နွေးထွေးမှုရှိတဲ့ နေရာ အငွေ့အသက်ကို စစ်ကောင်စီတွေက ဖျက်ဆီးတယ်။

သူတစ်ပါးအသိုက်ကို ဖျက်တာဟာ အင်မတန်မှ အပြစ်ကြီးတယ်။ အဲလိုလုပ်တဲ့တွက် ထပ်တူအကျိုးခံစားရပါစေလို့ပဲ သူတို့ကို ပြောချင်ပါတယ်” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အရပ်သားနေအိမ် တစ်သိန်းကျော် (၁၀၁၄၆၃) ပျက်စီးသွားတယ်လို့လည်း Data for Myanmar ရဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ အစီရင်ခံစာအရ သိရပါတယ်။

Most read this week

January 31, 2026
ကရင်နီပြည်မှာရှိတဲ့ ကိန္နရီပညာရေးစင်တာ (KEC) ကနေ ကရာတေးအားကစားသင်တန်းကို ၃လကြာ...
ဓါတ်ပုံ - KNWO
January 30, 2026
စစ်ကော်မရှင် အာဏာသိမ်းကာလအတွင်း အကြမ်းဖက်မှုပေါင်းစုံကြုံတွေ့နေရတဲ့ အမျိုးသမီးတွေ များလာပြီး...
ဘောလခဲပြည်သူ့ဆေးရုံကို သန့်ရှင်းရေးပြန်လုပ်နေကြတဲ့ စစ်ကော်မရှင်နဲ့ လက်အောက်ခံအစိုးရအဖွဲ့ဝင်တွေကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာတွေ့ရစဥ်။ (ဓါတ်ပုံ -ခရိုင်ပြန်/ဆက်)
January 29, 2026
ကရင်နီပြည်၊ ဘောလခဲမြို့မှာ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်ဖွင့်ဖို့ ဆေးရုံးအနီးအနားဝန်းကျင်ကို...
January 28, 2026
ရှမ်း-ကရင်နီနယ်စပ်က မိုး‌ဗြဲမြို့မှာ လတ်တလော မြေပြင်တိုက်ပွဲ ဖြစ်ပွားမှုမရှိပေမယ့်...