ယင်းနေရာသည် နှစ်စဉ် ရေကြီးလေ့ရှိသော်လည်း ယခုနှစ်တွင် စံချိန်တင် ရေကြီးမှုဖြစ်ပေါ်သည် ဟုလည်း ၎င်းက ဆိုသည်။
ဦးစိုးနောင်က “အရင်ကဆို ချပ်သင်းဘူတာ ရထားသံလမ်းအထိ ရေရောက်ကို မရောက်ဘူး။ ဒီနှစ် ကတော့ သံလမ်းရေကျော်ရုံမက သံလမ်းဟိုဘက်က ရွာတွေအထိပါ ရောက်တယ်။ အနိမ့်ပိုင်းဆို ၀ါးတစ်ရိုက် ကျော်ရေရောက်တယ်။ ဘူတာမှာလည်း ခရီးသည်တွေပိတ်မိကုန်တယ်။ သူတို့ အတွက်လည်း နေ့ည ထမင်ေးကျွးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုကို ချပ်သင်းမှာ လုပ်ပေး ထားတယ်”ဟု ဆိုသည်။
ဇူလိုင် ၁၆ ရက်က စတင်ရွာသွန်းခဲ့သော မိုးမှာ ဇူလိုင် ၁၈ ရက်အထိ မစဲဘဲ ရွာသွန်းနေသည့်အတွက် ကျေးရွာများတွင် ရေကြီးရေလျှံမှု များ ဖြစ်နေရာ ရေကြီးမှုကြောင့် ကန့်ဘလူ မြောက်ဘက်ခြမ်း အနီးတဝိုက်ရှိ ဆားကျေးရွာ၊ နှောကုန်း၊ ကန်တည်၊ ပေါက်ဆည်ကုန်း၊ နတ်သဲကွင်း စသည့် ကျေးရွာ များရှိ ကျေးရွာသားများဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရပြီး ဇူလိုင်၁၈ရက်ညနေ ၄နာရီ နောက်ပိုင်းတွင် မိုးအရှိန်လျော့သွားကာ နှစ်ပေခန့် ရေကျသွားပြီဖြစ်ကြောင်း ဦးစိုးနောင်က ဆိုသည်။
ယခုကဲ့သို့ ရေကြီးရေလျှံမှုဖြစ်ရခြင်းကြောင့် ချပ်သင်းရွာ အနီးရှိမင်းမြင်ဆည်မှ ရေလျှံမှုလည်း ဖြစ်ပေါ်နေသည်ဟုလည်း ဒေသခံများက ဆိုသည်။
ချပ်သင်းရွာသူတစ်ဦးဖြစ်သည့် ဒေါ်သီတာဝင်းက “ကျွန်မတို့ အိမ်က ဘူတာသံလမ်း အရှေ့ဘက် အနိ်မ့်ပို်င်းဆိုတော့ ရေမြုပ်သွားလို့ အခု အမြင့်ပိုင်းဖြစ်တဲ့ ဘုန်းကြီးကျောင်းမှာ လာပြီး ခိုနေရတာပါ။ တယ်လီနောတို်င်တွေ အကုန်ပါသွားပြီ။ ဘယ်မှ ဆက်မရဘူး။ ဒီနေ့အတွက် ထမင်းထုပ်လည်း လာမဝေသေးလို့ အခုထိ ထမင်းမစားရသေးပါဘူး။ ပတ်ပတ်လည်ရွာတွေအကုန် ရေထိတော့ ကူညီဖို့ကလည်း ခက်မယ်ထင်တယ်”ဟု ဆိုသည်။
မိုးလယ်ကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ် ဒေသများတွင် ရေဖုံးလွှမ်းမှုများ ကြံုတွေ့နေရကာ လက်ကျန် မိုးရာသီ ကာလဖြစ်သည့် စက်တင်ဘာလ ကုန်အထိလည်း မိုးရွာသွန်းမြဲကို ကျော်လွန်ကာ ရေဖုံးလွှမ်းမှုကို မြန်မာနိုင်ငံ၏ နေရာကျယ်ကျယ်ပြန့်ပြန့်တွင် အချိန်ကြာကြာ ကြံုတွေ့ရနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ကြေညာချက်ထုတ်ပြန်ထားသည်။







