ဧရာဝတီမှ ဂွဘက်သို့ ဆန်သယ်ယူခွင့် လုံးဝပိတ်လိုက်၍ ကျေးရွာအချို့ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရဟုဆို

ဧရာဝတီမှ ဂွဘက်သို့ ဆန်သယ်ယူခွင့် လုံးဝပိတ်လိုက်၍ ကျေးရွာအချို့ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရဟုဆို

ဧရာဝတီတိုင်းမှ ရခိုင်ပြည်  ဂွမြို့နယ်သို့ ဆန်သယ်ယူခွင့်ကို ဩဂုတ်လ တတိယအပတ်ခန့်က စပြီး စစ်ကောင်စီက လုံးဝပိတ်ပင်တားမြစ်လိုက်သဖြင့် ကျေးရွာအချို့တွင် ဆန်ပြတ်လပ်မှုနှင့်  ကြုံတွေ့နေရပြီဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်မှစတင်ပြီး ဧရာဝတီတိုင်းဘက်မှ ဂွမြို့နယ်သို့ ဆန် ၁၀ ပြည်နှင့် အထက် အပိုမသယ်ရဟု စစ်ကောင်စီက ကန့်သတ်ပိတ်ပင်ခဲ့ရာမှ  ယခုအခါ လုံးဝ သယ်ယူခွင့် မပြုတော့သဖြင့် ဂွမြို့နယ် ကျေးရွာအချို့တွင် ဆန်ပြတ်လပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက "ဩဂုတ်လ ၁၄၊ ၁၅ ရက်လောက်ဆို ဆန် ၅ ပြည်၊ ၁၀ ပြည် သယ်လို့ ရသေးတယ်။ အခု ဆန်ပါလာလို့ရှိရင် စစ်ကောင်စီတွေက ဆွဲချထားလိုက်တယ်။ အရင်တုန်းက ဆန် နို့ဆီဗူး ၅ ဗူးချက်ရတဲ့ အိမ်တွေက ၃ ဗူးချက်စားရတယ်။ ဆန်မရှိတော့ လျှော့ချက်ရတာပေါ့" ဟုပြောသည်။

ယင်းသို့သယ်ခွင့်မရှိတော့၍ တချို့ဒေသခံများတွင် ပုံမှန်ချက်ပြုတ်စားရသည့် ဆန်ပမာဏထက် လျှော့ချ၍ချက်ပြုတ်စားသောက်နေရကြောင်းလည်း ဒေသခံများကပြောသည်။

ဂွမြို့နှင့် မိုင် ၄၀ အကွာအဝေးတွင်ရှိသည့် ကျိန္တလီမြို့ကို အာရက္ခတပ်တော် (AA)က ထိန်းချုပ်ထားပြီ ဖြစ်သလို ဂွမြို့အနီးသို့ တိုက်ပွဲများနီးကပ်လာနေသည့်အတွက်လည်း လက်ရှိတွင် စစ်ကောင်စီက ဆန်ရိက္ခာသယ်ယူခွင့်ကို လုံးဝဖြတ်တောက်ထားလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

တချို့တွင် အငတ်ဘေးနှင့်ကြုံနေပြီး တောင်းရမ်းစားသောက်နေရသူများလည်း ရှိသလို ဆန်ပြုတ်ကျိုသောက်သူများရှိနေသည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"ဘာမှ မသယ်ရတဲ့အတွက် စားဝတ်နေရေးက အခက်အခဲဖြစ်တာပေါ့။ အဲဒီတော့ အိမ်ဖောက် ကြတယ်။ ဆန်ရရင်ဆန်ယူတယ်။ ဆီရရင် ဆီယူတယ်။ ငတ်တာကို မခံနိုင်ကြဘူးလေ။ တချို့ဆို ဆန်ရှိတဲ့ သူတွေဆီက တောင်းစားကြတယ်။ ဂွမြို့တိုက်ပွဲ ကာလကြာလာတာနဲ့အမျှ လူတွေ တော်တော် ဒုက္ခရောက်နိုင်တယ်"ဟုပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်မှစတင်ကာ ဂွမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေခဲ့သည့်အတွက် ဒေသခံများမှာ ဧရာဝတီတိုင်းဘက်နှင့် တခြားဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

လက်ရှိ ဂွမြို့နယ်တွင် လယ်သမားများနှင့် သက်ကြီးရွယ်အိုများသာ ရွာများတွင် ကျန်ရှိနေသည်ဟုလည်း သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...