ဆွမ်ပရာဘွမ်က စစ်ပြေးဒုက္ခသည်တွေကို သွားကူရန် အစိုးရ လုံခြံုရေးတာဝန်မယူ၍ အကူအညီ မပေးနိုင်သေး

ဆွမ်ပရာဘွမ်က စစ်ပြေးဒုက္ခသည်တွေကို သွားကူရန် အစိုးရ လုံခြံုရေးတာဝန်မယူ၍ အကူအညီ မပေးနိုင်သေး
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်က အစိုးရတပ် နှင့် ကေအိုင်အေ တိုက်ပွဲအတွင်း ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များကို သွားကူရန် အစိုးရက လုံခြံုရေးမယူပေးနိုင်၍ သွားမကူနိုင်သေးကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် လဂျွန်ငံဆိုင်းထံသို့ KBC က ခွင့်ပြုမိန့်စာ တင်ပြခဲ့သည်။ ထိုမှ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(ပခမ)သို့ ပြန်လည်တင်ပြခိုင်းသဖြင့် KBC က ဇူလိုင်လ ၁၆ ရက် သွားရောက်ညှိနှိုင်းခဲ့ရာ အဆိုပါ ဒေသခံသို့ ကုန်းလမ်းဖြင့် သွားရန်နှင့် အကယ်၍ ကုန်းလမ်းဖြင့် မဟုတ်ပါက လုံခြံုရေးတာဝန်မယူနိုင်ကြောင်း ပြောဆိုခဲ့သဖြင့် သွားရောက်နိုင်ခြင်း မရှိသေးကြောင်း KBC ၏ ပြန်ကြားရေးဌာန တာဝန်ခံ ဦးလမာယော်က ပြောသည်။

“မသွားရသေးဘူးဗျ။ ကျနော်တို့ ကူညီထောက်ပံ့ဖို့ရန်အတွက် ကူညီထောက်ပံ့မဲ့ပစ္စည်းတွေ၊ လူစာရင်းတွေ အပါအဝင် ဝန်ကြီးချုပ် ကို စာတင်တယ်။ ဝန်ကြီးချုပ်က တိုင်းကို ပြန်လွှဲပေး လိုက်တယ်။ အဲတော့ မနေ့က ကျွန်တော်တို့ ရုံးက ဆရာသုံးယောက် တိုင်းမှာ သွားညှိနှိုင်းတယ်။ ခွင့်ပြုမိန့်တောင်းတာပေါ့။ အဲဒီအခါမှာ တိုင်းကကုန်းလမ်းဆိုရင်သွားပါ။ ရေကြောင်းလမ်းဆိုရင် လုံခြံုရေး အရ တာဝန်မယူနိုင်ဘူးလို့ပြောတယ်။ အဲကြောင့် ကျွန်တော်တို့က ကုန်းလမ်းကအခုချိန်မှာ မပေါက်ဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ်ကားလမ်းသည် မိုးရာသီတွင် ဗွက်များထူထပ်ကာ လမ်းခရီး ကြမ်းတမ်းသဖြင့် ကုန်းလမ်းခရီးဖြင့် သွားရောက်နိုင်ခြင်း မရှိဘဲရေးကြောင်းဖြင့် သွားရောက် ပို့ဆောင်ရန် ခွင့်ပြုမိန့်တောင်းခံခြင်းဖြစ်သည်။

“ကုန်းလမ်းက လွန်ခဲ့တဲ့လူတွေ လမ်းခရီးမှာ ရက် ၂၀ ကျော်ကြာတယ်။ အဲဒါကြောင့် ကုန်းလမ်းက မဖြစ်နိုင်ဘူးပြောတယ်။ အဲဒါနဲ့ ကျွန်တော် ပြန်ဆိုင်းငံ့ထားတယ်။ ဗွက်တွေက ထရီးခေါင်းကား တွေတောင် တဝက်လောက်ထိ နစ်တယ်၊ ဒါကြောင့် အမြန်ဆုံး ခွင့်ပြုပေးပါလို့ တိုင်းကို ထပ်ပြီး ပြောထားတယ်။ အဲဒါစောင့်ရုံပဲ”ဟု သူက ပြောသည်။

စစ်ပြေးဒုက္ခသည်ပေါင်း (၁၀၀၀)အတွက် ဆန်၊ ဆီ၊ဆား၊ ဆေးဝါး၊ မိုးကာစသည့်ထောက်ပ့ံ ပစ္စည်းများနှင့်အတူ ခွင့်ပြုမိန့်တောင်းခံထားခြင်းဖြစ်ကြောင်းနှင့် ကုသသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ကလည်း မိုးကာ အချပ် ၅၀ ချပ်ကို ကူညီထောက်ပံ့ရန် ရှိသည်ဟု သူက ပြောသည်။

ဇူလိုင်လဆန်းပိုင်းကစတင်၍ ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ရှိ KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ရ ဒေသ မလိယန်ကျေးရွာအနီးသို့ အစိုးရ စစ်တပ်က အင်အားအများအပြားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၁ ရက်မူ အစိုးရ စစ်တပ်က တိုက်လေယာဉ်များ အသုံးပြု၍ တိုက်ခိုက်ခဲ့သဖြင့် ပလိယန် ကျေးရွာသားများ အပါအဝင် အနီးအနားရှိ ကျေးရွာသားများ အပါအဝင် ၁၀၀၀ ကျော်က ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ဇူလိုင်လ ၁၅ ရက်ကမူ KIA ၏ တပ်ရင်း ရ ၏ မလိအောင် ရှေ့တန်းတစ်ခုကို အစိုးရစစ်တပ်က သိမ်းယူခဲ့ပြီး ဖြစ်သလို၊ ယနေ့ထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သည်ဟု မြစ်ကြီးနားမြို့ရှိ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်အောင်က ပြောသည်။

“အစိုးရစစ်တပ်က တပ်ရင်း ခုနှစ်ရင်းလောက်နဲ့ တိုက်ခိုက်နေတာ၊ ကေအိုင်အေဘက်ကတော့ ၃၀ လောက်ပဲ ရှိတဲ့နေရာကို တိုက်တာ။ ၁၅ ရက်က ညနေပိုင်းကနေ ညသန်းခေါင်ထိ တိုက်တာ၊ ရွာသားတွေကို လမ်းပြခိုင်းပြီး မလိယန်နားက မလိအောင် ပိုစ့် တခု သိမ်းလိုက်တယ်၊ ဒီနေ့တိုက်ပွဲဖြစ်မဖြစ် မကြားသေးဘူး”ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသဖြင့် KIO ၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က ဇူလိုင်လ ၁၃ မှ ၁၅ ရက်အတွင်း တွေ့ဆုံဆွေးနွေးရန် အကြောင်းကြားခဲ့သော်လည်း အစိုးရ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့က လူမစုံ သေးဟု ပြောဆိုကာသဖြင့် ယနေ့ထိ တွေ့ဆုံနိုင်ခြင်း မရှိသေးသော်လည်း ဇူလိုင်လ ၂၀ ကျော်တွင် ပြန်လည် တွေ့ဆုံဆွေးနွေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဦးဆန်အောင်က ပြောသည်။

အစိုးရဘက်က ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး သန်းအောင် နုတ်ထွက်သွား သဖြင့် သူ၏ နေရာတွင် အစားပြန်ထိုးမည့် ပုဂ္ဂိုလ် မည်သူဖြစ်မည်ကို မသိသေးဟု ဆိုသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...