တောင်ကုတ် မြို့ရှိ အဝင်အထွက်ဂိတ်များ ပြည်သူများဖြတ်သန်းသွားလာခွင့်ပိတ်

တောင်ကုတ် မြို့ရှိ အဝင်အထွက်ဂိတ်များ ပြည်သူများဖြတ်သန်းသွားလာခွင့်ပိတ်

စစ်ရေးတင်းမာလာနေသည့် ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် မြို့အဝင်အထွက် ဂိတ်များရှေ့မှ လူများ ဖြတ်သန်းသွားလာခွင့်ကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

တောင်ကုတ်မြို့ကို ဝင်ရောက်လာနိုင်သည့် ပြည်ရိုးမ-တောင်ကုတ်လမ်းပေါ်ရှိ ကြိုးကြာကွင်းဂိတ်၊ တောင်ကုတ်-သံတွဲလမ်းပေါ်ရှိ ဖုံညိုလိပ်ဂိတ်နှင့် မအီ-တောင်ကုတ် လမ်းပေါ်ရှိ တက္ကသိုလ်ဂိတ်နှင့် သင်္ဘောဆိပ်(ဘုတ်ဆိပ်)တို့ကို ပြည်သူများသွားလာခွင့်အား သြဂုတ် ၂၀ ရက်မှစတင် ပိတ်လိုက်ပြီဟု ယမန်နေ့က ဖြတ်သန်းသွားလာခဲ့သည့် တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“ဒီတောင်ကုတ်ကို ဝင်ထွက်သွားလာနေတဲ့ ဂိတ်တွေက ဖြတ်သွားခွင့်မပြုတော့ဘူး။ မနေ့ကတည်းက အဲ့ဒီဂိတ်ကဖြတ်သန်းတဲ့လူသမျှကို တောင်ကုတ်မြို့ထဲကို ဒီနေ့ကစပြီး မဝင်ရတော့ဘူးလို့ပြောလိုက်တယ်။ ဖုန်းတွေ၊ ပစ္စည်းတွေကိုလည်း သိမ်းတယ်။ ကျနော်တို့လည်း ပိတ်ထားမှန်းမှ မသိတာ။ ဂိတ်က စစ်သားတစ်ယောက်က နောက်နေ့ကစပြီး မြို့ထဲကိုမဝင်လာနဲ့။ ဝင်လာရင် သတ်ပစ်မယ်ပြောတယ်”ဟု ပြောသည်။

စစ်ကောင်စီသည် အဆိုပါဂိတ်များတွင် ယခုရက်ပိုင်းအတွင်း စစ်အင်အားများလည်း ထပ်မံ ဖြည့်တင်းထားကြောင်း သိရသည်။

ယမန်နေ့က အဆိုပါဂိတ်များကို ဖြတ်သန်းသွားလာသူများအထဲမှ အမျိုးသား (၇) ဦးထက် မနည်းကိုလည်း ကြိုးကြာကွင်းစစ်ဆေး‌ရေးဂိတ်က ဖမ်းဆီးထားသည်ဟု မျက်မြင်သက်သေ တောင်ကုတ်ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

“မနေ့က မြို့ထဲကို စျေးသွားဝယ်ဖို့ တခြားကိစ္စတွေအတွက် သွားလာတဲ့သူတွေကို ကြိုးကြာကွင်းဂိတ်က စစ်ကောင်စီတွေ ဖမ်းထားတာရှိတယ်။ ဒီနေ့အထိ ပြန်လွတ်တာ မရှိသေးဘူး” ဟုပြောသည်။

ဖမ်းဆီးထားသည့် (၇) ဦးတွင် တောင်ကုတ်မြို့နယ်၊ မှင်သန်းကျေးရွာမှ ကိုချစ်ဦး (၃၆)နှစ်လည်း ပါဝင်ပြီး နောက်ထပ်ဖမ်းဆီးခံထားရသူများ၏ အမည်များကို နိရဥ္စရာက ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

တောင်ကုတ်မြို့အတွင်းတွင်လည်း စစ်ကောင်စီတပ်သားများသည် နေ့ရော၊ ညပါ စစ်ကြောင်းထိုး ကင်းလှည့်မှုများ နေ့စဥ်နှင့်အမျှရှိနေ၍ စိုးရိမ်ကြောက်လန့်နေကြရကြောင်း မြို့ခံများက ပြောသည်။

ယခုဩဂုတ်လပထမအပတ်မှစ၍ တောင်ကုတ်တွင် စစ်ကောင်စီ၏ တပ်ရင်း စခန်းများက မကြာခဏ  လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေ၍ မြို့ခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ ရှိနေကြကြောင်းလည်း သိရသည်။

ယင်းအပြင် ဩဂုတ်ဒုတိယအပတ်ကလည်း စစ်ကောင်စီတပ်က တောင်ကုတ်မြို့နယ်မှ ကျေးရွာတချို့ကို သုံးရက်တိုင်တိုင် ဗုံးလာကြဲမှုများ ရှိခြင်းကြောင့် နေအိမ်တချို့ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...