မောင်တောတိုက်ပွဲအကြား ပိတ်မိနေသူများကို AA ကဆက်လက်ကယ်ထုတ်

မောင်တောတိုက်ပွဲအကြား ပိတ်မိနေသူများကို AA ကဆက်လက်ကယ်ထုတ်

စစ်ကောင်စီက မောင်တောမြို့ကို ဆက်လက် ဗုံးကြဲမှုတွေရှိနေတဲ့ အတွက် မြို့ပေါ် ရပ်ကွက်တွေက ပိတ်မိနေသည့် ပြည်သူတွေကို အာရက္ခတပ်တော် (AA)က ဆက်လက် ကယ်ထုတ်နေရာ ဩဂုတ် ၂၀ နေ့ထိ ကယ်ထုတ်ခံရသည့် အရပ်သားပြည်သူ ၂ သောင်းကျော်ရှိသွားပြီ ဖြစ်သည်ဟု AA ၏ထုတ်ပြန်ချက်အရ သိရသည်။

သြဂုတ်လ ၇ ရက်မှ ၂၀ ရက်အတွင်း ပိတ်မိနေသူများကို နေ့စဉ် ရက်ဆက် ကယ်ထုတ်နေရာ ကယ်ထုတ်ခံရသည့် ပြည်သူများ အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့ မြင့်မားလာခြင်း ဖြစ်သည်။

ယခုကဲ့သို့ ကယ်ထုတ်ရာတွင်လည်း လူမျိုးဘာသာမရွေးကယ်ထုတ်ထားခြင်းဖြစ်ပြီး သူတို့ နေထိုင်လိုသည့် ရပ်ရွာများနှင့် ဘေးကင်းလုံခြုံသည့်နေရာများသို့ ပို့ဆောင် ပေးထားသည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသည်။

ကယ်ထုတ်ခံရသူများ အထဲတွင် မောင်တောမြို့ပေါ်တွင် နေထိုင်သူ မွတ်ဆလင်အများစုဖြစ်ပြီး ရခိုင်နှင့် ဟိန္ဒူလူမျိုးများလည်း ပါဝင်သည်။

ယင်းအပြင် အမိုးအကာထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးတို့ အတွက် AA က ကြိုးစား ဆောင်ရွက်နေကြောင်းလည်း ဦးခိုင်သုခက ပြောဆိုထားသည်။

လက်ရှိတွင် မောင်တောဒေသမှ တိုက်ပွဲရှောင်ပြည်သူများ၌ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားလျက်ရှိ၍ ထိုရောဂါအတွက် ဆေးဝါးများအပြင် အထွေထွေရောဂါများအတွက် မရှိမဖြစ်ဆေးဝါးများ အရေးတကြီး လိုအပ်လျက်ရှိနေသည်ဟု AA က သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

AA ထိန်းချုပ်ထားသည့် မောင်တောမြို့နယ်အတွင်း သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်ဝမ်းလျှောများဖြစ်ပြီး ယခုရက်ပိုင်းအတွင်း သေဆုံးသူ ၅ ဦးအထိ ရှိလာသဖြင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း AA က ဆိုသည်။

AA သည် ဩဂုတ်လ ၄ ရက်မှစတင်ကာ မောင်တောမြို့သိမ်းတိုက်ပွဲကို စစ်ရှိန်မြှင့်ကာ ဆင်နွှဲနေခြင်းဖြစ်သည်။

လက်ရှိတွင် AA က မောင်တောမြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး မြို့တစ်ခုလုံးနီးပါးကို စစ်ကောင်စီနှင့် မွတ်ဆလင်လက်နက်ကိုင်များထံမှ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ အလုံးစုံသိမ်းပိုက်ရရှိနိုင်ရေး နခခ (၅) ကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...