KNU ကော့ကရိတ်မြို့နယ်ထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

KNU ကော့ကရိတ်မြို့နယ်ထဲ လက်နက်ကြီးကျလို့ ကလေးတစ်ဦးသေဆုံး ငါးဦးဒဏ်ရာရ

KNU တပ်မဟာ ၆ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ် စွယ်တော်ကုန်းတပ်စခန်းကနေ ၈၁ မမ လက်နက် ကြီးတစ်လုံး ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ထီးမူးထကျေးရွာထဲ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ဟာ အသက် ၉ လသားအရွယ်ရှိပြီး ဒဏ်ရာရရှိသွားတဲ့ ကလေးနှစ်ဦးကတော့ အသက် ၄ နှစ် နဲ့ အသက် ၅ နှစ်အရွယ်ရှိပြီဖြစ်ကာ ကျန်အရပ်သားတွေကတော့ အမျိုးသမီးနှစ်ဦး အမျိုးသားတစ်ဦးတို့ ဖြစ်ကြတယ်လို့ KNU က ဆိုထားပါတယ်။

ဒါ့အပြင် KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ် တပ်မဟာ ၃ နယ်မြေထဲမှာလည်း ဩဂုတ် ၉ ရက်နေ့က စစ်ကောင်စီတပ် ခလရ ၇၃ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာ သပြေညွန့်ကျေး ရွာအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၅ လုံး ပျက်စီးခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေ ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း ဩဂုတ် ၁၀ ရက်က စစ်ကောင်စီ အမြောက်တပ် ၃၁၀ တပ်က လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့ရာ အခိုင်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ငါးရှာနေတဲ့ မုက္ခမော့ရွာသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ အပြင်း အထန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အခုနှစ် ခြောက်လတာအတွင်း စစ်ကောင်စီတပ်က ပြည်သူ လူထုအပေါ် ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကြောင့် အရပ်သားပြည်သူ ၁၃၄ ဦး သေဆုံးခဲ့ပြီး ၄၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...
ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...
April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...