အနန်းကွင်းဗျူဟာမကျရေး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ တိုးလုပ်

အနန်းကွင်းဗျူဟာမကျရေး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ တိုးလုပ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ-၆၊ ဝင်းရေး မြို့နယ်ရှိ အနန်းကွင်းစစ်ဗျူဟာ မကျစေရေးအတွက် စစ်ကောင်စီက ဩဂုတ် ၁၀ ရက်နေ့မှစ၍ လေကြောင်း ပစ်ခတ်မှုနှင့် မြေပြင်လက်နက်ကြီး စစ်ကူပစ်ခတ်မှု ပိုမိုလုပ်ဆောင်လာသည်ဟု မြေပြင်စစ်ရေးသတင်းရင်းအမြစ်က ပြောသည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့လက်အောက်သို့ အနန်းကွင်းစစ်ဗျူဟာ မကျစေရေးအတွက် စစ်ကောင်စီက ယခုရက်ပိုင်းတွင် ဗျူဟာအနီးဝန်းကျင်သို့ လေကြောင်းပစ်ကူ ပေးနေသလို သံဖြူဇရပ်ရှိ ခြေလျင်တပ်ရင်း (ခလရ-၆၁) နှင့် ဝဲကလိရွာရှိ စစ်ကောင်စီအမြောက်တပ်က လက်နက်ကြီး ပစ်ခတ်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ယခုလို ပြောသည်။

“သံဖြူဇရပ်ဘက်က စစ်ကူ ၁၂၀ မမ အမြောက်ကို အနန်းကွင်းနဲ့ လွှတ်ရှမ်းဘက်က နေ့တိုင်း ပစ်ခတ်တယ်။ ပြီးတော့ မနေ့ကလည်း လေယာဉ်လာပစ်သေးတယ်။ အဲဒီအနားမှာ ထိခိုက်မှုတွေတော့ သေချာမရသေးဘူး။ အခြေအနေက မနေ့ကလည်းတစ်နေကုန်ပစ်တယ်။ ဒီနေ့ မနက်ပိုင်းလည်း ပစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့ ရှိ နိုင်မယ့် နေရာတွေကို သူတို့လိုက်လှမ်းပစ်တာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့က အနန်းကွင်းစစ်ဗျူဟာ တပ်စခန်းနှင့် ခလယ်တံခွန်တိုင် စခန်းများသို့ လေယာဉ်ဖြင့် စစ်ကောင်စီက စားနပ်ရိက္ခာနှင့် လက်နက်၊ ခဲယမ်းများ ဆက်တိုက် ထပ်မံပို့ပေးလျက်ရှိပြီး မြေပြင် စစ်ကူပို့နိုင်ရေးအတွက် ဝင်းရေးမြို့နယ်အတွင်း စစ်ကြောင်းထိုးရန် လှုပ်ရှားမှု ရှိသည်ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ လက်နက်ကြီးစစ်ကူပစ်ခတ်သည့်အတွက် အနန်းကွင်းနှင့် လွှတ်ရှမ်းကျေးရွာအပြင် တညင် ကျေးရွာ အနီးဝန်းကျင်များသို့ လက်နက်ကြီးကျသည့်အတွက် ထပ်မံစစ်ရှောင်နေရသည်ဟု ဒေသခံများထံမှသိရသည်။

အဆိုပါ အနန်းကွင်းစစ်ဗျူဟာစခန်းသည် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းမကြီးပေါ်တွင် တည်ရှိပြီး အင်အားကြီး တပ်စခန်းတစ်ခုဖြစ်ကာ လက်ရှိအချိန်တွင်မြေပြင်စစ်ကူများ ရောက်မလာနိုင်အောင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ဘက်က ပိတ်ဆို့တိုက်ခိုက်ဟန့်တား လျက်ရှိသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...