နတ်တောင်စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး အကူအညီပေးကြဖို့ တောင်းဆို

နတ်တောင်စစ်ရှောင်စခန်းမှာ ဆန်ရိက္ခာပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး အကူအညီပေးကြဖို့ တောင်းဆို

ကရင်နီပြည်၊ ဒီးမော့ဆိုမြိုနယ် အနောက်ဘက်ခြမ်းရှိ နတ်တောင်စစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေကြတယ်လို့ သိရပါတယ်။

အခုလို ဆန်ပြတ်လပ်မှုကို မကြာခနကြုံတွေ့နေရပြီး အလှူရှင်တွေ ရောက်မလာနိုင်သေးတဲ့ အချိန်တွေမှာ နီးစပ်ရာ ဆွေမျိုးထံကနေ ချေးယူ စားသောက်နေရတယ်လို့ ဆိုပါတယ်။

“ အကိုတို့ ရှိတော့ အကိုတို့နားမှာ သွားတောင်းစား ရတာပေါ့။ အမြဲတမ်းတောင်းလည်း သူတို့ လည်း ဘယ်ပေးနိုင်မှာလည်းနော်။ အရင်ကဆို သူတို့လည်း စစ်ရှောင်ပဲကောနော်။ အခုမှပဲ ဒီကိုပြန်လာနေတာလည်း သိပ်မကြာသေးဘူး။ အရင် ၁ နှစ်ဆို သူတို့ စပါးကောင်းကောင်းမရဘူး။ အမြဲတမ်း တောင်းစားရင် သူတို့လည်း ဘယ်ကျွေးနိုင်မလဲနော်။” လို့ စစ်ရှောင် အမျိုးသမီး  ဒေါ်ညိမ်းက ပြောပါတယ်။

စစ်ရှောင်ကော်မတီထံမှာ အမှန်တကယ်ဆန်ပြတ်လပ်နေကြောင်း ထောက်ခံစာနဲ့ အတူ နီးစပ်ရာအသင်းအဖွဲ့တွေဆီမှာ အကူအညီတွေ တောင်းခံရတယ်လို့ ဒေါ်ညိမ်းက ဆက်ပြောပါတယ်။

အခြေခံရိက္ခာဖြစ်တဲ့ ဆန်ကိုသာ အဓိက လိုအပ်နေကြပြီး ဟင်းစားအနေနဲ့ ရာသီပေါ် ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တယ်လို့ အဆိုပါစစ်ရှောင်စခန်းက အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဒီလိုမျိုး ဟင်းသီးဟင်းရွက်လေးတွေ အခုချိန်ပေါ်တဲ့ အခါကျတော့ ခြံထဲမှာလည်း နည်းနည်း စိုက်ထားတော့ ဖရုံရွက်တို့ ပြောင်းဖူးလေးတို့ သူများလာ ပေးစားတာလေးတွေ နောက်ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ် နည်းနည်းပါးပါး စိုက်ထားတာ ရှိတော့ အသီးအရွက်လောက်တော့ စားရတာပေါ့” လို့ ဒေါ်ညိမ်းက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ တစ်ခါတစ်ရံ အလှူရှင်တွေ လာရောက်ကူညီတာတွေ ရှိနေပေမယ့် တစ်မိသားစုကို ဆန် ၂ ပြည်သာ ပေးနိုင်တာကြောင့် မိသားစု၀င်ဦးရေ များတဲ့ အိမ်ထောင်စုတွေအနေနဲ့ အဆင်မပြေမှုတွေ ပိုများတယ်လို့ ဆိုပါတယ်။

“ ကျမတို့ အခု နတ်တောင် စစ်ရှောင်စခန်းမှာက အဓိက ဆန်၊ဆီ၊ဆား ပေါ့နော်။ ပြတ်လပ်နေတယ်။ ပြီးတော့ အရေးပေါ် ဆေးဝါးပဲ ဖြစ်ဖြစ်၊ ကျမတို့ ကန့်(camp) ဆိုရင် ရန်ပုံငွေဆို မရှိဘူးလေ။ ဥပမာ လုံးဝဆန်ပြတ်တဲ့ မိသားစုတွေ အတွက် ဘယ်လို စီစဉ်ပေးရမလဲ။ ပြီးတော့ ဆေးရုံ၊ ဆေးခန်းပို့ရမယ့် လူနာတွေဆို ကျမတို့ ဘယ်လိုစီစဉ်ပေးရမလဲ ဆိုတာ ကျမ တို့ မဖြေရှင်းနိုင်သေးဘူးပေါ့နော်။ အဲတာ ကျမတို့ လုံးဝစိန်ခေါ်မှုတစ်ခုပေါနော်။ ရှိတဲ့ အလှူရှင်တွေ တက်နိုင်တဲ့ အလှူရှင်တွေ အကူအညီတောင်းချင်တာပေါ့နော်။ ကျမတို့ စစ်ရှောင်ကို လှမ်းခဲ့ပါဦးလို့ ကျမ ဖိတ်ခေါ်ချင်တယ်”လို့ နတ်တောင်စစ်ရှောင်စခန်းရဲ့ ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါ နတ်တောင်စစ်ရှောင်စခန်းမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး လူဦးရေ ၄၀၀ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။

July 27, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာအချို့တွင်...
July 24, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လုံခြုံရေး အခြေ...
July 23, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းကို ဇူလိုင်လတတိယပတ်မှစ၍ စစ်ကောင်စီတပ်က...
July 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း၌ ဇူလိုင်လ ၂၁ ရက်နေ့က နွားကျောင်းနေသည့် အမျိုးသားနှစ်ဦးကို...