ရခိုင်ရှိ ရေဘေးသင့်ဒေသတွင် သောက်သုံးရေကန်များနစ်မြုပ်သွား၍ သောက်ရေခက်ခဲနေ

ရခိုင်ရှိ ရေဘေးသင့်ဒေသတွင် သောက်သုံးရေကန်များနစ်မြုပ်သွား၍ သောက်ရေခက်ခဲနေ

ရခိုင်မှ ရေဘေးသင့်ခဲ့သည့်ဒေသများတွင် သောက်ရေကန်များနစ်မြုပ်ခဲ့၍ သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားစသည့်မြို့နယ်တို့တွင် ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေများမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ကာ ယင်းဒေသများရှိ သောက်ရေကန်များသည်လည်း ရေနစ်မြုပ်ခဲ့ရသည်ဟု သိရသည်။

ယင်းသို့နစ်မြုပ်ခဲ့မှုကြောင့် သောက်ရေကန်များတွင် မသန့်ရှင်းသည့်ရေများဝင်ရောက်ခဲ့၍ သောက်သုံးရေအခက်အခဲဖြစ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မင်းပြားမြို့နယ်၊ ခွဆုံကျေးရွာမှ ဒေသခံတစ်ဦးက "ရေကြီးတော့ ရွာကသောက်ရေကန်တွေ အကုန် နစ်သွားတယ်။ ရေဆိုး တွေဝင်ကျန်ခဲ့တော့ သောက်လို့မရတော့ဘူး။ ရေက နောက်ကျိနေတယ်။ ရေခမ်းပြီးတာနဲ့ မိုးကလည်းမရွာတော့ဘူးဆိုတော့ သောက်သုံးရေတွေ အခက်အခဲဖြစ်နေကြပါတယ်" ဟု ပြောသည်။

ယင်းအပြင် ရေနစ်မြုပ်ခဲ့၍ သောက်ရေကန်များတွင် ဝင်ကျန်ခဲ့သည့် မသန့်ရှင်းသည့် နောက်ကျိသော ရေများကို သောက်သုံးမိလျှင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါများဖြစ်ပွားမည်ကိုလည်း ဒေသခံများ စိုးရိမ်နေကြရသည်ဟု သိရသည်။

ထို့အတူ ရေနစ်မြုပ်ခဲ့သည့် သောက်ရေကန်များမှ ရေများမသန့်ရှင်းတော့သည့်အတွက် ရေစုပ်စက်များဖြင့် ရေစုပ်ထုတ်ရန်လည်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ရေဘေးသင့်ဒေသခံပြည်သူများမှာ ရွာနှင့် ၄ မိုင်၊ ၅ မိုင်ခန့်ကွာဝေးသည့် ရေနစ်မြုပ်မှုမရှိခဲ့သော တောတောင်ခြေရင်းများရှိ ရေတွင်းရေကန်များသို့ သွားရောက်ကာ ရေခပ်သောက်သုံးနေရသည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ ရေသွားခပ်ရာတွင်လည်း အသက်အန္တရာယ်ထိခိုက်စေတတ်သော စစ်ကျန်မိုင်းများအန္တရာယ်ကိုလည်း စိုးရိမ်စိတ်ပူနေရကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်မှ ဒေသခံတစ်ဦးက "အဲဒီကန်ကရေတွေလည်း သောက်နေကျ ရေတွင်း၊ ရေကန်တွေမဟုတ်တော့ မသန့်ရှင်းဘူးလေ။ ဝမ်းရောဂါတွေဖြစ်မှာကို စိုးရိမ်ရတယ်"ဟု ပြောသည်။

ရေကြီး၍ သောက်ရေကန်များရေနစ်မြုပ်ခဲ့ခြင်းကြောင့် မြောက်ဦးမြို့တွင် မြောက်ဦးလူငယ်များအစည်းအရုံးက သောက်ရေသန့်များကို ဖြန့်ဝေလှူဒါန်းလျက်ရှိသည်ဟုလည်း သိရသည်။

မြောက်ဦးလူငယ်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ မြောက်ဦးလူငယ်အစည်းအရုံးကတော့ မြောက်ဦးမြို့မှာ သောက်ရေသန့်တွေ ဖြန့်ဝေကူညီပေးနေပါတယ်။ နယ်ဘက်တွေကျတော့ မလှူရသေးဘူး။ ရေကန်တွေဘယ်လောက် ရေနစ်မြုပ်ခဲ့တယ်။ တစ်ရွာမှာလူဦးရေဘယ်လောက်ရှိတယ်။ သောက်ရေဘယ်လောက်နဲ့က အဆင်ပြေမယ်ဆိုတာကို အချက်အလက်တွေကောက်နေဆဲပါ"ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇူလိုင်လ တတိယအပတ်မှစတင်ကာ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းခြင်းကြောင့် မြစ်ရေများတိုးကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့်မြို့နယ်တို့၌ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်မှစတင်ကာ သြဂုတ်လ ၄ ရက်အထိ ရေကြီးရေလျှံမှုများဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။

အလားတူ ရခိုင်မှာ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းခြင်းကြောင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်၊ နံနက်အစောပိုင်းမှစတင်ကာ တောင်ကုတ်၊ ဂွနှင့် သံတွဲမြို့နယ်တို့တွင်လည်း ရေကြီး၊ ရေလျှံမှုများဖြစ်ပွားခဲ့သည်။

April 1, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုမှာ ဖြစ်ထွန်းအောင်မြင်နေသည်ဟု...
ဓာတ်ပုံ- Human Rights Watch
March 31, 2026
ခိုင်လူလှ (ရိုးမမြေ) — အာရက္ခတပ်တော် (AA) နှင့်ဖြစ်ပွားနေသည့် တိုက်ပွဲမှာ စစ်တွေအခြေစိုက်...
March 30, 2026
မောင်စာဂ — ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကော်မရှင်လေတပ်က ယနေ့ညနေတွင်...
March 28, 2026
ကျော်သီဟ - ရခိုင်ပြည်တွင် ငွေထုတ်ခ ရာနှုန်းများ တဖြည်းဖြည်းမြင့်တက်လာနေသည်ဟု သိရသည်။...