မိုးကုတ်နှင့် မိုးမိတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံး

မိုးကုတ်နှင့် မိုးမိတ်တွင် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်၊ လက်နက်ကြီးကြောင့် အရပ်သား ၄ ဦးထက်မနည်း သေဆုံး

သျှမ်းပြည် မိုးမိတ်နှင့် မိုးကုတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား (၄) ဦးထက်မနည်း သေဆုံးသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်တွင်) မိုးကုတ်မြို့ အရှေ့ပိုင်း သဖန်းပင်၊ မြို့မရပ်ကွက်၊ မင်းတံတားရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် (၃) ဦးသေဆုံးပြီး အရပ်သား (၁၀) ဦးထက်မနည်း လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ရှေ့ရက်က နေ့လယ်ခင်းကြီး ဈေးဟောင်းရပ်မှာ မိခင်နဲ့ကလေး စောင့်ရှောက်ရေးကပ်ရပ် မီးလောင်တယ်။ ညနေရောက်တော့ မြို့မနဲ့ မင်းတံတားဘက်မှာ လက်နက်ကြီးကျပြီး လူထပ်သေတယ်။ ဆုံးတာက (၃) ယောက်၊ ခြေထောက်တွေ၊ ခေါင်းတွေ ထိတဲ့လူလည်း ၁၀ ယောက်ထက် မကဘူး လက်နက်ကြီးကျည်စ မှန်တာ”ဟု မိုးကုတ်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးကုတ်မြို့ အရှေ့ပိုင်း စစ်တန်းကုန်းရပ်ကွက်ရှိ ပြည်သူနေအိမ်ပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း မိုးကုတ်ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၄ ရက်) ညနေပိုင်းတွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီတပ် ခလရ-၇၁/၈၈ တပ်စခန်းများကို TNLA + PLA + PDF ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ပွဲ ဖြစ်ပွားသည့် နေရာများသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

အလားတူ ဇူလိုင်လ (၁၃) ရက် ည ၁၀ နာရီခန့်တွင် မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ရှိ နမ့်ခမ်းအင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် (၄၀) နှစ်ခန့် အရွယ် ဦးသိန်းသန်း ဆိုသူ ပွဲချင်းပြီး သေဆုံး၍ နေအိမ် (၁) လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။

ထို့အပြင် မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စစ်ဆင်ရေး ကွပ်ကဲရေးဌာနချုပ် စကခ-၂၁ ၊ ခြေလျင်တပ်ရင်း ၂၂၃ နှင့် တောင်ကုန်းဘုန်းကြီးကျောင်း အနီးတဝိုက်ရှိ ခလရ-၂၇၆ တို့ကို TNLA နှင့် PDF ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် PDF မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်များသည် မိုးကုတ်မြို့ကို ထိုးစစ်ဆင်လျက်ရှိရာ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင်လဆန်းတွင် ထိန်းချုပ်နိုင်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်းကို ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...