Ms. Leila ၏ ဇူလိုင် ၁၂ရက်မှ ၁၆ရက်အထိ ငါးရက်တာ ခရီးစဉ်အတွင်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့များသို့ သွားရောက်ခဲ့သည်။
သူမ၏ ခရီးစဉ်အတွင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံကာ အစည်းအဝေးများ ပြုလုပ်ခဲ့ပြီး အစိုးရ၏ ပူးတွဲလုပ်ဆောင်မှု စီမံချက် အကောင်အထည်ဖော်မှု တိုးတက်မှု၊ အရွယ်မရောက်မီ တပ်သားအဖြစ် စုဆောင်းမှုများကို ဖြေရှင်းဆောင်ရွက်ရန် ညွှန်ကြားချက်သစ်များနှင့် နည်းစနစ်သစ်များအပေါ် ကြိုဆိုကြောင်း ၎င်းက ဆိုသည်။
“တိုးတက်မှုတွေ တွေ့ရှိရပေမယ့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ မည်သူကမှ ကလေးသူငယ်တွေကို တပ်သားအဖြစ် ခေါ်ယူစုဆောင်းမှု မပြုလုပ်နိုင်ရန် သေချာစေခြင်းဆိုတဲ့ အချက်နှစ်ခုအကြား ကျန်ရှိနေသည့် ကွာဟမှုကို ပပျောက်စေရန် ပြုလုပ်ဖို့အရေးကြီးသည်”ဟု Ms. Leila Zerrougui က ဇူလိုင် ၁၆ရက်က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။
ယင်းအပြင် အသက်မပြည့်သေးသည့် အသက် ၁၈နှစ်အောက် ကလေးစစ်သားများကို မစုဆောင်းရ ကြောင်း တပ်မတော်အတွင်းမှ တပ်မတော်သားအားလုံး သိထားပြီးဖြစ်ကြောင်းနှင့် တပ်မတော် အတွင်း ကလေးစစ်သား တစ်ဦးရှိသည်ဖြစ်စေ၊ နှစ်ဦးရှိသေဖြစ်စေ အရေးယူဆောင်ရွက်ရန် လိုအပ်သည်ဟု ဇူလိုင် ၁၆ရက်က မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာ့တပ်မတော်တွင် ကလေးစစ်သားခေါ်ယူစုဆောင်းအသုံးပြုမှုကို အဆုံးသတ်ရန် မြန်မာစိုးရနှင့် ကမ္ဘာ့ကုသမဂ္ဂ လက်အောက်ရှိ ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများ အား စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက် အထူးတာဝန်အဖွဲ့(CTFMR) တို့ ၂၀၁၂ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ယင်းသဘောတူညီချက်အရ ပူးတွဲလုပ်ငန်း ဆောင်ရွက်မှုစီမံချက် (Joint Action Plan)ကို အကောင်အထည်ဖော်မှု ရှိမရှိကိုလည်း လေ့လာခဲ့သည်။
၂၀၁၂ ခုနှစ်မှစ၍ တပ်မတော်မှ အရွယ်မတိုင်မီ စစ်မှုထမ်းဆောင်ခဲ့သော ကလေးသူငယ်ပေါင်း ၆၄၆ ဦးကို နှုတ်ထွက်ခွင့်ပြုခဲ့ခြင်းက အစိုးရ၏ ပူးတွဲဆောင်ရွက်မှု စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှု တိုးတက်ကြောင်း အသိအမှတ်ပြုသည်ဟု ဆိုသည်။
ယင်းအပြင် ကလေးများအပေါ် လက်နက်ကိုင်ပဋိပက္ခများ၏ အကျိုးသက်ရောက်မှုအခြေအနေ (ကုလသမဂ္ဂလုံခြံုရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၆၁၂ )ကို သိရှိရန်မှာလည်း ခရီးစဉ်၏ ရည်ရွယ်ချက်တစ်ရပ်ဖြစ်သည်။
လက်နက်ကိုင်တပ်ဖွဲ့များတွင် ကလေးသူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းသူများကို ပြစ်မှုကျူးလွန်သည်ဟု သတ်မှတ်ကာ ပြစ်ဒဏ်ပေးရန်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်က အကြံပြုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးနှင့် ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၁၆ ခုနှစ်တွင် ကလေးစစ်သောင်းစုဆောင်းမှု ပပျောက်ရေး စီမံချက် “ကလေးများ၊ တပ်သားမဟုတ်ပါ” ကမ္ဘာလုံးဆိုင်ရာ လူထုလှုပ်ရှားမှု ပြုလုပ်သည့် နိုင်ငံပေါင်း (၇) နိုင်ငံအနက် တစ်နိုင်ငံဖြစ်သည်။
ကုလသမဂ္ဂလုံခြံုရေးကောင်စီမှ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး အစီအမံ (MRM)၏ ထုတ်ပြန်ချက်အရ ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ် အခွင့်အရေး “အကြိမ်ကြိမ် ကျူးလွန်သော အဖွဲ့အစည်းများ”သည် ဒီမိုကရေစီအကျိုးပြု ကရင်တပ် မတော် (ဒီကေဘီအေ)၊ ချင်းလွတ်လပ်ရေးတပ်ဖွဲ့(ကေအိုင်အေ)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ (ကေအင်အယ်အေ)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)၊ ကရင်နီတပ်ဖွဲ့ Karenni Army (KA) ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (အက်စ်အက်စ်အေ)၊ “၀“ ပြည်နယ် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့တို့ ဖြစ်သည်။







